လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ပအဖ က ဖမ်းဆီး အရေးယူထား
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ဖမ်းဆီး အရေးယူထားကြောင်း လောင်းလုံးမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်နေသူများကို သတင်းရရှိ၍ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဦးဆောင်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ဆောင်ရန်အတွက် ရောက်ရှိနေသည်ဟု သံသယရှိသူ အသက် ၅၃နှစ် အရွယ်အမျိုးသား ၁ ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၉ နှစ် အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“လက်ရှိက မူးစိတ်ပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့်ပြီး မြို့နယ်မှုခင်းခုံ အဖွဲ့ကို အမှုတွဲ ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒီအမှုကို မြို့နယ်မှုခင်းခုံ အဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်ခွေးနဲ့ ပတ်သတ်တဲ့ သူတွေ မဟုတ်ပါဘူး။ သာမာန် အရပ်သားပြည်သူတွေဖြစ်ပါတယ်။ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တာယားဖော်ဆောင်နေနိုင်တဲ့နေရာတွေမှာ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အတက်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ မြို့နယ်အတွင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ၊ တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ဖြစ်စဥ်တွေအဖြစ်လည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် “ဟု လောင်းလုံးမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးရသူများထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၁၄ ပြား၊ 16 cm ဓားသွားအရှည် ၁လက် ၊ လက်ကိုင်ဖုန်း ၉ လုံး၊power bank ၄ လုံး၊ ငွေသားကျပ် ၁၀၈၂၅၀ သိန်း ၊ wave 100 ဆိုင်ကယ် ၁ စီး၊ toyota ကား ၁ စီးတို့နှင့်အတူ လက်ရ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး တရားခံများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန်အတွက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ (ပ)အမှတ် မယ(ပ) ၁/၂၀၂၅ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


