အာဆီယံ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် မြန်မာစစ်အုပ်စုပါဝင်နေ
လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဦးဆောင်သော အာဆီယံအကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် မြန်မာစစ်အုပ်စု ပါဝင်နေခြင်းသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများတွင် အာဆီယံ၏ ပါဝင်ပတ်သက်မှုအား ပိုမိုနက်ရှိုင်းစေပြီး၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ကြားဝင်စေ့စပ်နေသော ငြိမ်းချမ်းရေးတောင်းဆိုမှုများနှင့်လည်း ဖီလာဆန့်ကျင်နေကြောင်း Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်သည် ပြီးခဲ့သည့် မတ်လ အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် ထပ်ပေါင်းဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်အုပ်စု တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
နယူးဒေလီမြို့တော်တွင် ကျင်းပခဲ့သော အဆိုပါ နှစ်ရက်ကြာအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဩစတြေးလျ၊ နယူးဇီးလန်၊ ဂျပန်နှင့် တောင်ကိုးရီးယား အပါအဝင် ဆွေးနွေးဖက်နိုင်ငံများလည်း တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးသည် မလေးရှားနှင့် အိန္ဒိယတို့၏ အလုပ်အဖွဲ့ ပူးတွဲဥက္ကဌ တာဝန်ယူချိန်မှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းအစီအစဥ်တွင် ၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည့် စားပွဲဝိုင်းလက်တွေ့လေ့ကျင့်မှု၊ ၂၀၂၇ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ၌ မြေပြင်လက်တွေ့လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အာဆီယံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ကို ရုရှားနှင့်အတူ ဦးဆောင်ခဲ့ပြီး ယင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးနည်းဗျူဟာများသည် လက်တွေ့တွင် မြန်မာပြည်သူများအား ဖိနှိပ်သတ်ဖြတ်စေရန်အတွက်သာ ဖြစ်စေခဲ့သည်။
မြန်မာစစ်အုပ်သည် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ Cybersecurity and Information Centre of Excellence (ACICE) နှင့် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာသင်တန်းများမှစ၍ အာဆီယံကာကွယ်ရေး ဝန်ကြီးများသီးသန့်အစည်းအဝေးများ (ADMM Retreats)၊ ဒေသတွင်း ကာကွယ်ရေးတက္ကသိုလ်များ၊ ကော်လိပ်များနှင့် အဖွဲ့အစည်းများဆိုင်ရာအစည်းအဝေးများအထိ အာဆီယံပလက်ဖောင်းများတွင် ဆက်လက်ပါဝင်နေသည်ဟု JFM ကဆိုသည်။
ထိုမျှထိ ပါဝင်နေခြင်းအားဖြင့် အာဆီယံသည် တရားမဝင်စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု နှင့် စစ်ရေးလေ့ကျင့်သင်ကြားပေးမှုများကို တရားဝင်ပေးအပ်နေခြင်းဖြစ်သည်။ ယင်းသည် တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းရေး၊ ၎င်းတို့ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံစေရေးတို့အတွက် အာဆီယံအား အရှိန်အဟုန်ဖြင့် တောင်းဆိုမှုများနှင့်လည်း သွေဖည်နေသည်ဟု JFM ကထောက်ပြပြောဆိုသည်။
တချိန်တည်းတွင်ပင် အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်သည် မကြာသေးမီရက်ပိုင်းအတွင်းက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီး ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုထားသည်။
မလေးရှားဝန်ကြီးချုပ်က အဆိုပါတွေ့ဆုံမှုကို “အလွန်အောင်မြင်သော” တွေ့ဆုံမှုဟု ညွှန်းဆိုခဲ့သော်လည်း စစ်အုပ်စုသည် အန်ဝါအီဗရာဟင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်ရက်အတွင်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကျေးရွာနှစ်ရွာရှိ ကလေးငယ်များအပါအဝင် အရပ်သားပြည် သူ ၃၆ ဦးအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခဲ့သည်။ ၂၀၂၅ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးအပြီးမှစ၍ စစ်တပ်သည် အရပ်သားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၀ ကျော်ထိ ပြုလုပ်ခဲ့ကြောင်း JFM ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က-
“မြန်မာစစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ ဘုံသဘောထားငါးရပ်နဲ့ မလေးရှားနိုင်ငံရဲ့ အနှစ်မဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေရဲ့ ကြောင်သူတော်မျက်နှာဖုံးတွေကို ခွာချလိုက်တာ ဖြစ်ပါတယ်”
“အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုကို အားပေးကူညီခြင်းက ကျင့်ဝတ်ဆိုင်ရာ ရမ်းကားမှုတစ်ရပ်သာဖြစ်ပြီး ဒါကို ငြိမ်းချမ်းရေးဦးဆောင်သူအဖြစ် ကြွေးကြော်ထားတဲ့ အာဆီယံအနေနဲ့ ရှက်သင့်ပါတယ်” ဟုပြောကြားခဲ့သည်။
အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ၄င်းတို့၏ ကတိကဝတ်ကို ပြသချင်ပါက မြန်မာပြည်သူများ၏ အသံတွေကို လေးစားရမှာ ဖြစ်ပြီး၊ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း ဘုံသဘောထားငါးရပ်ကို ကျော်လွန်သော မြန်မာ လူထုဗဟိုပြုနည်းလမ်းနှင့်သာ ငြိမ်းချမ်းရေးကို ဖော်ဆောင်သင့်ကြောင်; သူမက ဆက်လက်ပြောကြားခဲ့သည်။
