ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ
ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လယ်ဒိုမြို့နယ် အတွင်းရှိ ကေလာသဘုရားပရဝန်အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘုရားစေတီ၊ ဘုရားကျောင်းဆောင်၊ ဓမ္မာရုံ ၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်းရှိ အင်းပုဝါကျေးရွာတွင် ပိန်းဇလုတ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းက ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးကြည်လွင် ထိခိုက် သေဆုံးကာ ဦးကျော်စိုးမိုး၊ စောလူမင်း၊ နော်ခင်ချိုခိုင်၊ နော်အေးသိမ့်သိမ့်အောင် နှင့် စောအောင်သက်ပိုင် တို့ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဒဏ်ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအပြင် နော်ရွှေပြည်အေး၏ နေအိမ် ထိမှန် ပျက်စီးခဲ့သည့်အပြင် ဦးဇော်ဦး၏ နွား ၃ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။


