ကန့်ဘလူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က မြေပဲနုတ်နေသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့် တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ညောင်ဝန်းရွာ အနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကောလင်းမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဧပြီလ ၉ ရက်နေ့ကလည်း ကိုးတောင်ဘို့မှနေ၍ အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာကို စစ်ကြောင်းထိုးပြီး မြေပဲနုတ်နေသည့် ကိုင်းမရွာသား ၂ ဦးဖြစ်သည့် ကိုနန်းလွင် နှင့် မရီရီဦး တို့ကို ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ကိုင်းမရွာသား ၁၅ ဦးကိုလည်း ကိုးတောင်ဘို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
“ကိုးတောင်ဘို့ကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ မြောက်ဘက် ၃ မိုင်ခန့်အကွာ ညောင်ဝန်းရွာအနီးမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတယ်။ ကောလင်းမြို့ထဲကို နံနက် ၉ နာရီ လောက်မှာ ပြန်ဝင်သွားတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ အဲခွေး စစ်ကြောင်းက ဧပြီလ ၉ ရက်နေ့ကလည်း မြေပဲနုတ်နေတဲ့ ကိုင်းမရွာသား ၂ ဦး ပစ်သတ်ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားသေးတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
