ထိုင်းနိုင်ငံ၊ စမုစခွန်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရရှိ၊ ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၉ ဦး လိုက်ပါသော ကားကို ရဲကလိုက်ဖမ်းစဉ် မောင်းပြေးလို့ မြစ်ထဲကျပြီး မြန်မာ ၁၉ ဦးလုံး အဖမ်းခံရ
ရန်ကုန်၊ ဧပြီ ၂၆
ထိုင်းနိုင်ငံ၊ စမုစခွန်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရရှိမိတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ အိမ်းစီးဗန်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရရှိထားဖြစ်ပြီး သူတို့အားလုံးမှာ တရားဝင်အထောက်အထားမရှိဘူးလို့ သိရပါတယ်။
ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားတွေကတော့ သန့်အောင်၊ နေလင်း၊ သူဝင်း အပါအဝင် ၆ ဦးဖြစ်ပြီး သူတို့အထဲက မြန်မာနိုင်ငံသား ၂ ဦးက ထိုင်းနိုင်ငံသားဘဏ်အကောင့်ကို အသုံးပြုကာ လူသယ်ယူမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံသား သန့်အောင်နဲ့နေလင်းက လူတစ်ဦးကို ထိုင်းဘတ် ၁၂၅၀၀ နဲ့ စက်ရုံတွေဆီ ခေါ်ဆောင် အလုပ်သွင်းပေးပြီး လူမှုကွန်ရက် Line ကတစ်ဆင့် ချိတ်ဆက် လူသယ်ယူနေတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းရဲက လိုက်ဖမ်းစဉ်မှာ မြစ်ထဲကျသွားတယ်လို့ ထိုင်းသတင်းတွေ မှာဖော်ပြထားပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ယောက်လိုက်ပါလာတဲ့ ပစ်ကပ်ကားကို ကန်ချနာဘူရီခရိုင် အဝေးပြေးလမ်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဘန်လတ်ရာ လမ်းဆုံကနေ Kwai Yai မြစ်ကူးတံတား Nong Bua အထိ အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့တာကြောင့် မြစ်ထဲထိုးကျသွားတာပါ။
ကားပေါ်လိုက်ပါလာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးကိုထိုင်းရဲတပ်တွေက ရေထဲက ကယ်တင်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်းကတော့ ကားရေထဲကျချိန်လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ရန်ကုန် ကဖြစ်တယ်လို့ သိရပြီး နယ်စပ်ကနေ ထိုင်းနိုင်ငံကိုဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ပွဲစားကို တစ်ဦး ထိုင်းဘတ် ၈၅၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။


