စေတုတ္တရာမြို့နယ်၊ လုံးစွန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်မှု နေအိမ် ၅၀ ကျော် ပြာကျ
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ လုံးစွန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၅၀ ကျော် ပြာကျခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် စေတုတ္တရာမြို့နယ်၊ လုံးစွန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် အလုံး ၅၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“၂၄ ရက်နေ့ ညပိုင်း ၇ နာရီအချိန်လောက်မှာ သူတို့ လေကြောင်းနဲ့ ဗုံးကျဲသွားတာပါ ဒီဘက်တွေမှာ သူတို့က စစ်ရေးအရ ဖိအားပေးခံရတာတွေရှိတယ်။ အဲတာကြောင့် ရွာတွေကို မီးလောင်ဗုံးကျဲချပြီး မီးရှို့ဖျက်ဆီးသွားတာပေါ့။ ပြည်သူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ ဆုံးရှုံးမှုကတော့များတယ်။ အိမ်ခြေ ၅၀ ကျော် ဆုံးရှုံးသွားတယ်။ စစ်ခွေးတွေကတော့ ပြည်သူတွေကြောက်အောင် ခြောက်မှာပဲ နောက်ပြီး PDF တွေရှိရင် မင်းတို့ရွာကို မီးရှို့မယ်ဆိုတဲ့ ပြည်သူတွေကို ကြောက်အောင် လုပ်သွားတာပေါ့” ဟု မင်းဘူးခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


