မင်းကင်းမြို့နယ်၊ ကမ်းပြည့်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရ
စစ်ကိုင်တိုင်း၊ မင်းကင်းမြို့နယ်ရှိ ကမ်းပြည့်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ကမ်းပြည့်ရွာ ရွှေမျောကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဗုံးကျဲတာတော့ ၁၀ လုံးလောက်ရှိတယ်။ ကွဲတာက ၂ လုံးလောက်ပဲကွဲတယ်။ ပြည်သူ ၁ ဦး သေဆုံးတယ်။ ၃ ဦး ဒဏ်ရာရတယ်။ နေအိမ်တွေကတော့ မပျက်စီးဘူး။ ရွှေမျောထဲကို ကျဲတာဆိုတော့ ရွှေမျောထဲက တဲတွေတော့ ပျက်စီးတယ်။ သေဆုံးတဲ့သူကတော့ အသက်အရွယ် ၂၀ ကျော် အရွယ် အမျိုးသားပါ။ နောက် ထိခိုက်ဒဏ်ရာရှိတဲ့သူတွေကလည်း လူငယ်တွေပဲ အဓိကတော့ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်အရွယ်တွေပါ။ အမျိုးသားတွေကြီးပဲ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတာပါ” ဟု ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။
