ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ချောင်းဦးမြို့ အရှေ့ဘက် ဟန်သစ် ဆီဆိုင်အနီး ငါးယှန်ရွာ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်းတွဲ ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက်လာသော သံပြားကာ ကား ၈ စီး အနက် ရှေ့ဆုံးကား ၂ စီးကို မုံရွာ -မန္တလေး လမ်းမပိုင်း တစ်နေရာတွင် ပဒေသာမိုင်းတွဲ ၂ တွဲ စုစုပေါင်း မိုင်း ၁၀ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပထမကားကို မိုင်းထိမှန်ပြီး နေရာတွင် ထိုးရပ်သွားကြောင်း၊ အလားတူ ဒုတိယကားကိုလည်း မိုင်းထိမှန်ခဲ့ပြီး လွင့်စင့်သွားကာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ချောင်းဦးမြို့မ ရဲစခန်းမှ လုံခြုံရေး ယူပေးရန် အင်အား ၈၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ၄ ကြိမ် ဗုံးသီး ၂၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
“မုံရွာကနေ ထွက်လာတဲ့ ကားတန်းတွေကို လုံခြုံရေးယူပေးဖို့ ထွက်တဲ့ စစ်ကြောင်းပါ။ ကင်းပုန်းတွေ ချတာ ပထမ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာက ၃ ဦးသေတယ်။ ကားတန်းကို မိုင်းဆွဲတာက ၂ ဦး သေတယ်။ ကား ၂ စီးပျက်စီးတယ်။ ပထမကားက နေရာမှာတင်ထိုးရပ်သွားတာ ဒုတိယမြောက် ကားက ကာလာတဲ့ သံပြားတွေပါ လွင့်ထွက်ကုန်တာ စစ်ခွေး ၂ ကောင်သေပါတယ်။ချောင်းဦးရဲစခန်းထဲကနေ ထပ်ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲတာက ၅ ဦးသေပါတယ်။ ထပ်တိုးသေဆုံးစာရင်း တော့မရှိပါဘူး။ ခြေပြတ် ၁ ဦးတော့ရှိပါတယ်။ ဒဏ်ရာရတာတွေလည်း များပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nway Oo Brother Coloum (နွေးဦးညီကိုများစစ်ကြောင်း) နှင့် မုံရွာ ခရိုင် ပကဖ Drone လက်ရုံးတပ်တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“မိဘပြည်သူတွေကို ပြောချင်တာက ခရီးသွားတဲ့အခါမျိုးမှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ တွေ့ရင် ဝေးဝေးနေကြဖို့ ပြောချင်ပါတယ်။ တိုက်ပွဲတွေအမြဲ ဖော်ဆောင်နိုင်ဖို့အတွင် ရန်ပုံငွေ အခက်ခဲတွေ ရှိတာကြောင့် ကူညီဝန်းရံအားဖြည့်ပေးကြဖို့ ပြည်သူတွေကို တောင်းဆိုချင်ပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ထပ်မံ ပြောဆိုသည်။
