ရေဖြူမြို့နယ်တွင် ခလရ ၂၇၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးနှင့် ဒီးမော့ဆိုတွင် စစ်မှုထမ်း တပ်သားသစ် ၆ ဦး လက်နက်များ ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ခလရ ၂၇၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ -P2 3402 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော ဒုတပ်အကြပ် ၁ ဦးသည် MA-1 သေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့်၊ ကျည်ဘောက် ၄ ခုတို့ယူဆောင်လာပြီး အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ပုံမှန်ကတော့ MOD က ချီးမြှင့်ပါတယ်။ ဒါပေမဲ့ ချက်ချင်းမကျပါဘူး ချီးမြှင့်ငွေက ကျနော်တို့ တပ်ရင်းအနေနဲ့ တတ်နိုင်တဲ့ ပမာဏ တစ်ခုတော့ ယာယီပေးထားပါတယ်။ အဲဒါတော့ အတိအကျ ကျနော်ပြောလို့မရပါဘူး။ ရဲဘော်တွေဆီ တဆင့်ပြီးတဆင့်ချိတ်ဆက်လာတာပါ။ လောလောဆယ်တော့ လုံခြုံတဲ့နေရာမှာ ထားထားပါတယ်။ သူ့သဘောဆန္ဒအလျောက်ပဲ သူလုပ်ချင်တဲ့အတိုင်း ဆောင်ရွက်ပေးဖို့ရှိပါတယ်” ဟု People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ခိုလှုံလာသော CDM စစ်သားများကို တပ်ရင်းဘက်မှ လုံခြုံစွာထားရှိ၍ မူဝါဒနှင့် အညီ ဆောင်ရွက်ပြီး ၎င်းတို့ သဘောဆန္ဒအလျှောက် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံ လာမည့် ရဲဘော်များကိုလည်း အမြဲကြိုဆိုလျှက်ရှိကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ က အသိပေး နှိုးဆော်ထားသည်။
အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် သေနတ် ၅ လက်နှင့် အတူ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၁၆ ရက်နေ့တွင် စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် သေနတ် ၅ လက်နှင့် အတူ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် MA- 1 – သေနတ် ၅ လက် ၊ MA- 1 – ကျည် ၄၅၅ တောင့် ကျည်ဘောက် ၁၆ခု၊ လက်ပြစ် ဗုံး ၄ လုံး ၊ 14နှင်းမိုင်း ၃လုံး၊ ကျည်ကာ ၄ထည် ၊ အိုက်ကွန်-၁လုံး၊ ဖုန်း ၇လုံးခန့် ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက် လာသောကြောင့် ကနဦး ထောက်ပံ့ငွေ အဖြစ် ငွေကျပ် ၆၅ သိန်း ခန့် ထောက်ပံ့ထားပြီး မိသားစုဝင်များကို အကြောင်းကြားကာ ဆက်သွယ်နိုင်ရန် ကူညီမှုများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လက်ရှိချိန်တွင် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း သိရှိရသည်။


