33 C
Yangon

မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ

Must read

မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ

ရန်ကုန်၊ ဧပြီ ၂၆

မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ငလျင် သိသိသာသာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ရှားမှုမှာ စက္ကန့်ပိုင်းသာ ကြာမြင့်သော်လည်း လှုပ်ခတ်မှုနှင့် ယိမ်းထိုးမှုကို သိသာစွာခံစားရကြောင်း ပြည်သူများက ဆိုကြသည်။

“ငလျင်က လှုပ်တဲ့အချိန် အရာ၀တ္တု ပစ္စည်းတွေပါ ရိုက်သံတွေ ထွက်တာ။ အော်သံနဲ့ လာလှုပ်သလို ခံစားရတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းမြို့မှ ပြည်သူတစ်ဦးကလည်း ယနေ့ည ၈ နာရီ ၅၃ မိနစ်လှုပ်ခတ်သော ငလျင်ကို အလွန်သိသာစွာခံစားရပြီး နေအိမ်များ ယိမ်းထိုးခဲ့သည်ဟုဆိုသည်။

“လှုပ်တာတော့ တစ်ချက်တည်းပဲ။ ဒါပေမယ့် ယိမ်းထိုးပြီး တွန်းလှဲလိုက်သလိုပဲ” ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနကမူ ယနေ့ ဧပြီလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၈ နာရီ ၅၃ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် ထပ်မံအသိပေးပါကြောင်း သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁၅၆ ကြိမ်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ယခင်ရက်များက ငလျင်ကိုစိုးရိမ်၍ အပြင်ထွက်အိပ်ကြသည့် မန္တလေးမြို့ခံများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article