မုံရွာမြို့နယ်၊ ခိုးသန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ ခိုးသန်းရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူရန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအဝင် တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အပြင်းအထန် ထိခိုက် ဒဏ် ရာရရှိ ခဲ့ကြောင်းသိရှိရသည်။
“ရွာက လူမနေရဲကြတာရော ရွာစဝင်တဲ့ အချိန်မှာ ကြားဖြတ်တိုက်ခံလိုက်ရတော့ စစ်ခွေးတွေ တော်တော်တော့ အထိနာသွားတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်ဖမ်းဆီးခံရတာမျိုးမရှိပါဘူး” ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဦးဆောင်မှုဖြင့် တိုက်နယ်(၅)ပကဖ၊ Tribal Force ၊Black Flacon ၊ God Of Monywa ၊Golden Eagle ၊ Sun King Envoy ၊God of Snake ၊ ယက္ခ ၊ မုံရွာခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
