ထားဝယ်၊ ဟားလီးကွေ့ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်၊ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်
ရန်ကုန်၊ ဧပြီ ၂၇
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဟားလီးကွေ့ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်သွားကာ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့် တပ်စွဲထားသော ဟားလီးကွေ့ စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မွန်းလွဲပိုင်းတွင် တိုက်ပွဲ ခဏ ငြိမ်သက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်စဉ်တွင် စခန်း တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းတွင်လည်း စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးခြင်းမရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ချ အလံဖြူထောင်ရန် ပြုလုပ်စဉ်တွင် ဗိုလ်ကြီး ၁ ဦးက သေနတ်ဖြင့် ကိုယ့်ကိုကို ပစ်ခတ်၍ အဆုံးစီရင်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ၁၅ ဦးမှာမူ လက်နက်ချ၍ အလံဖြူထောင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက်ပိုင်း စောစာပိုင်း ထဲကနေပြီးတော့ ဝင်တိုက်တာပေါ့။ လေယာဉ်တွေ ဆက်တိုက်ကျဲတော့ တိုက်ပွဲက မွန်းလွဲပိုင်းမှာ ရပ်သွားသေးတယ်။ ညနေပိုင်းကျတော့ ထပ်ပြီး ဝင်တိုက်တော့ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တာ စစ်တပ်ဘက်က ၁၅ ဦး လက်နက်ချတယ်။ ဗိုလ်ကြီးဆိုတဲ့ တစ်ယောက်ကတော့ လက်နက် မချခင်မှာပဲ သူ့ကိုယ့်သူ စီရင်လိုက်တယ်။ သေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်လိုက်တယ်လို့သိရတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၂ နှင့် ၃၀၂ တပ်များ က ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဇဟာကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ကြောင်း၊ ပြည်သူ ၂ ဦး သေဆုံးကာ သံဃာတော် ၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး။
