တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ တောင်ခမောက်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
တောင်ခမောက်ကျေးရွာသည် နေအိမ် ၁၃၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေစဉ်တွင် ပြည်သူများက ကျေးရွာအတွင်းသို့ ဝင်ရောက် မီးငြိမ်းသတ်ရန် လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ပြန်လည် ထွက်ပြေးခဲ့ရကြောင်း သိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ တိုက်ပွဲတာ အဲတာ ရွာကို လေယာဉ်နဲ့ ဗုံးကျဲသွားတာ တစ်ရွာလုံးလည်း မီးလောင်သွားပါတယ်။ မီးသွားငြိမ်းတာလည်း အငြိမ်းမခံဘဲ ပစ်လွှတ်ပါတယ်။ ရွာမှာ အိမ်ခြေကတော့ ၁၃၀ ကျော်ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ခမောက်တောင်ခြေ၌ ဆက်လက် တပ်စွဲထားသောကြောင့် ကျေးရွာအတွင်းရှိ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

