ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ တောင်ပေါ်မှ ကျောက်တုံး ပြုတ်ကျမှုကြောင့် လေဖြတ်နေသည့် စစ်ဘေးရှောင် အဖိုးအို ၁ ဦးသေဆုံး
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ တောင်ပေါ်မှ ကျောက်တုံး ပြုတ်ကျလာခြင်းကြောင့် လေဖြတ်နေသော စစ်ဘေးရှောင်အဖိုးအို ၁ ဦး သေဆုံးခဲ့ကြောင်း Jobs For Kayan မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၌ မိုးရွာသွန်းပြီး တောင်ပေါ်မှ ကျောက်တုံးပြုတ်ကျကာ စစ်ဘေးရှောင် မိသားစုများနေထိုင်သည့် တဲအိမ်တစ်လုံးပေါ်သို့ ပြုတ်ကျခဲ့ရာ လေဖြတ်ပြီး အိမ်ပျော်နေသော အသက် ၇၀ ကျော်အရွယ် အဖိုးအို ၁ ဦး သေဆုံးကာ နေအိမ် တစ်ခြမ်းလည်း ပျက်စီးသွားကြောင်း သိရသည်။
“စစ်ဘေးရှောင်နေတဲ့ အိမ်ပေါ်ကျတာ ရွာမဟုတ်ဘူး။ သေဆုံးသွားတဲ့ အဖိုးက အသက် ၇၀ ကျော်ပြီ လေဖြတ်ထားတယ်။ အဲဒီအိမ်ထဲမှာ စစ်ရှောင် မိသားစု ၆ ဦးရှိတယ်။ မိုးရွာတော့ အိပ်နေကြတာ ကံဆိုး ကံကောင်းပဲပြောရမလား။ ကျောက်တုံးလိမ့်ကျတဲ့အချိန် ကျောက်တုံးက ခုန်သွားပြီး အဖိုး အိပ်နေတဲ့နေရာကို ကျသွားတာ အိမ်မကြီးတည့်တည့်ကျရင်မတွေးရဲစရာပါပဲ အိမ်ကတော့ တခြမ်း ပျက်စီးသွားတာပေါ့” ဟု Jobs For Kayan မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်ရှိ ကျောက်တုံးများမှာ ခိုင်ခံ့မှုမရှိတော့ဘဲ မိုးရွာသွန်းချိန်တွင် ပြုတ်ကျနိုင်သောကြောင့် ကျောက်တောင်အနီး နေထိုင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ အနေဖြင့် အထူးဂရုစိုက်နေထိုင်ပေးကြပါရန် Jobs For Kayan က တိုက်တွန်းထားသည်။


