မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏ မြန်မာပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို အာဆီယံက လျစ်လျူရှုထားလျှင် နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ဟု NUG က သတိပေး
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏ မြန်မာပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို အာဆီယံက လျစ်လျူရှုထားလျှင် မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေးပြောဆိုလိုက်သည်။
ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့်နိုင်ငံကာသို့ သတင်းစကားပြောကြားခြင်း Press Briefing အစီအစဥ်တွင်နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်တွင်လည်း အပစ်ရပ်ကြေညာခဲ့သော်လည်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၂၈ရက် ငလျင်ဖြစ်ပွားပြီးချိန်မှစတင်ပြီး ဧပြီလ ၂၃ ရက်နေ့အထိ ငလျင်ဘေးဒဏ်သင့် ဒေသများ အပါအဝင် နိုင်ငံအနှံ့အပြားကို စစ်ကောင်စီက လေကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုပေါင်း ၁၉၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၆၄ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၃၅ ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရအရပ်သားဦးရေ စုစုပေါင်းမှာ ၄၂၇ ဦး ရှိကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူများအပေါ် ရက်ရက်စက်စက်ကျူးလွန်မှုများ လုပ်ဆောင်နေပြီး အာဆီယံအနေဖြင့် ယင်းကျူးလွန်မှုများကို လျစ်လျူရှုမထားရန် အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။
“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ “ဟု ဦးကျော်ဇော်က ရှင်းပြသည်။
အာဆီယံအဖွဲ့အနေဖြင့် NUG နှင့် တော်လှန်ရေးအင်အားစုများကို တရားဝင် ထိတွေ့ဆက်ဆံပြီး နိုင်ငံရေး အဖြေရှာမှသာ ရေရှည် တည်တံခိုင်မာသည့် တည်ငြိမ်းအေးချမ်းမှု ရနိုင်ကြောင်း၊ အဆိုပါ နည်းလမ်းကသာ မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“မြန်မာ့အကျပ်အတည်းပြေလည်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်ထိတွေ့ပြီး နိုင်ငံရေးအဖြေရှာဖို့ လုပ်ကိုင်ခြင်းကသာ ရေရှည်တည်တံ့ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုကိုရတဲ့ တခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်”ဟု သူက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ရန် စစ်ရေးကဏ္ဍတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ ၃၅၀ကျော် ဖွဲ့စည်းတည်ထောင်ထားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေအဖြင့် မြို့နယ်ပေါင်း ၂၃၅ မြို့နယ်တွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။
