ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော တပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင် နက်တည်း ပိတ်ဆို့ တိုက်ခိုက်နေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခု ကို KNLA ပူးပေါင်းတပ်များက တစ်ပြိုင်တည်း ပိတ်ဆို့ တိုက်ခိုက်နေကြောင်း KNLA ပူးပေါင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ကော့ကရိတ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးရှိ ကိုးတိုင်စစ်ကတုတ် ၊ အောင်ဇေယျစစ်ဆင်ရေး နောက်တန်းကွပ်ကဲရေးစခန်း (ရွှေကြက်မင်းဘုန်းကြီးကျောင်း) နှင့် ခလရ ၉၇ တပ်ရင်း အနောက်ဘက် ခံစစ်ကတုတ်နေရာများကို KNLA မဟာမိတ်တပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ပိတ်ဆို့ တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
“ဖြစ်နေတာ တစ်ချိန်တည်းတိုက်တာပေါ့။ စကခ ၁၂ ကာကင်း ကိုးတိုင်နေရာရယ်၊ အောင်ဇေယျကို ကွပ်ကဲရေး လုပ်နေတဲ့ ရွှေကြက်မင်း ကျောင်းရယ်၊ ခလရ ၉၇ နောက်ဘက် စစ်တပ်ခံကတုတ်ရယ်ပေါ့။ အဖွဲ့စုံပိတ်ပြီး တိုက်နေတာ သူတို့ ဒရုန်းတက်၊ ကိုယ်လည်းဒရုန်းတက်၊ သူတို့ လက်နက်ကြီးပစ် ကိုယ်လည်း ပြန်ပစ်ထည့်ပဲ ချနေတာ စကစ ဘက်ကတော့ ခံပစ် ပုံစံပါပဲ။ သေတာတွေ ထိတာတွေ လာမဆွဲထုတ်နိုင်တာတွေလည်း ဖြစ်နေတယ်” ဟု ကော့ကရိတ် KNLA မဟာမိတ် ပူးပါင်းတပ်ဖွဲ့၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်နေသည့် နေရာများသို့ စစ်ကောင်စီ တပ်စွဲထားသော ကျုံဒိုး၊ ဂျိုင်းတံတားဘက်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့်လည်းကောင်း၊ လှိုင်ဝအမြောက်တပ်က ရန်ကုတ်ရွာဘက်သို့လည်းကောင်း၊ ခလရ ၉၇ တပ်က ရွှေကြက်မင်း တတန်ကူးရွာဘက်သို့လည်းကောင်း လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေသော်လည်း KNLA မဟာမိတ်တပ်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
” စကစ က လက်နက်ကြီး နေရာများတယ်။ ဟောင်ဝှစ်ဇာတို့ ၁၂၀ တို့နဲ့ လှမ်းပစ်ကူပေးတာမျိုးရှိတယ်။ ဂျိုင်းတံတား၊ ကျုံဒိုးဗျူဟာတို့ လှိုင်ဝ လက်နက်ကြီးကုန်းတို့ကနေ ပစ်ထည့်နေတာ ကိုယ်ဘက်ကတော့ စစ်ခွေး စခန်း ကတုတ်တွေကို ထိချက်မှန်အောင်ပစ်တာ ဒရုန်းနဲ့ ကျဲချတာမျိုးပေါ့။ လေယာဉ်က ပျံတယ်။ ကင်းထောက်တယ် ဗုံးတော့လာမကျဲသေးဘူး” ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်ရွှေကြက်မင်း တတန်ကူးရွာဘက်ပိုင်း နေရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် ပေါက်ကွဲသံများ ကျယ်ကျယ်လောင်လောင်ကြားနေရပြီး အဆိုပါ ရွှေကြက်မင်းဘုန်းကြီး ကျောင်းနေရာရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်း ခံစစ် ကွပ်ကဲရေးစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပါက အကြမ်းဖက် စစ်ကောင်စီတပ်၏ မြဝတီ-အာရှလမ်း စစ်ဆင်ရေးကို အမြစ်ဖြတ်နိုင်ပြီ ဖြစ်ကြောင်း စစ်ရေးနယ်မြေ တာဝန်ရှိသူက သုံးသပ် ပြောဆိုသည်။
