26 C
Yangon

ထားဝယ်ခရိုင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်အထိရှိလာ

Must read

ထားဝယ်ခရိုင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်အထိရှိလာ

ရန်ကုန်၊ ဧပြီ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆယ်ရက်အတွင်း စစ်ဘေးရှောင်တစ်သောင်းကျော်အထိရှိလာတယ်လို့ စစ်ရှောင်ကူညီနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အခုဧပြီလ ဒုတိယပတ်ကစလို့ ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ်အောက်ပိုင်းနဲ့ ရေဖြူမြို့နယ် မင်းသားရွာတစ်ဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အဲဒီဒေသက ဒေသခံတွေ အဓိက စစ်ရှောင်နေရတာပါ။

ထားဝယ်မြို့နယ်အရှေ့တောဒေသမှာတော့ ထီးခီးနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက်မှာ စစ်ကောင်စီက ထီးခီးနဲ့ တောင်သုံးလုံးကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို နှစ်ဖက်တပ်တွေ စစ်ရေးအရှိန်မြင့်လာတာကြောင့် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်က ကျေးရွာတွေ စစ်ဘေးရှောင်နေရတာပါ။

ထီးခီးတစ်ဝိုက်က ကရင်တိုင်းရင်းသားရွာတွေကနေ ထိုင်းနိုင်ငံနယ်စပ်အနီးမှာ သွားရောက်တိမ်းရှောင်နေသူ နှစ်ထောင်ကျော်ရှိပြီး မေတ္တာမြို့၊ တောင်သုံးလုံး၊ မြောင်းပြို၊ ကျောက်မဲတောင်၊ ဟိန္ဒူးချောင်း၊ ကထောင်းနီနဲ့ ဝကုန်းရွာတွေက ဒေသခံတွေနဲ့ပေါင်းရင် အရှေ့တောဒေသတစ်ခုတည်းမှာ စစ်ဘေး‌ရှောင် ငါးထောင်ထက်မနည်းရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဆိုပါတယ်။

“စစ်ရှောင်က ထားဝယ်ခရိုင်တစ်ခုလုံးစာဆိုရင် တစ်သောင်းက တော်တော်ကျော်နေပါပြီ။ ဒါအခုကာလမှာဖြစ်နေတဲ့ စစ်ရေးအခြေအနေကြောင့် ရှောင်တဲ့အရေအတွက်သီးသန့်ပါ” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ မြေပြင်တာဝန်ခံ ကိုယောနသံကပြောပါတယ်။

သရက်ချောင်းမြို့နယ်မှာတော့ ဝင်းဝရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတာကြောင့် ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်နဲ့ သဲချောင်းသားရွာတွေက ရွာလုံးကျွတ်တိမ်းရှောင်နေသလိုစုံစင်ဖျား၊ ရေချိုချောင်းနဲ့ ဂုံညင်းဆိပ်ကျေးရွာတွေကတော့ တချို့တဝက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေါနတနင်္သာရီအဖွဲ့ကတော့ သရက်ချောင်းမြို့နယ်တစ်ခုတည်းမှာ အခုဆယ်ရက်အတွင်း စစ်ဘေးရှောင် သုံးထောင်ကနေ ငါးထောင်ကြားရှိနေတယ်လို့ ဆိုပါတယ်။

သရက်ချောင်းမြို့နယ် ဝဲရစ်ရွာခံတစ်ဦးက “ကျမတို့မှာက သက်ကြီးရွယ်အိုရှိနေတော့ အိမ်ကနေ ခွာလို့မရဘူးဖြစ်နေတယ်။ လမ်းတွေလည်းပိတ်နေတော့ ပိုဆိုးတာပေါ့။ ပတ်ပတ်လည်ရွာတွေမှာတော့ အကုန်ပြေးကုန်ပြီ” လို့ ပြောပါတယ်။

ရေဖြူမြို့နယ်မှာတော့ မင်းသားရွာမှာရှိတဲ့ ပြည်သူ့စစ်တွေကို မွန်၊ ကရင်နဲ့ ထားဝယ် တော်လှန်‌ရေးပူးပေါင်းတပ်တွေက အခု ၂၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ရေဖြူမြို့နယ်က မင်းသားရွာတစ်ဝိုက်မှာလည်း စစ်ဘေးရှောင်တစ်ထောင်‌ကျော်လောက်အထိရှိနေတယ်လို့ ဒေါနတနင်္သာရီအဖွဲ့ ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ခြင်ထောင်တွေလိုအပ်နေတယ်လို့ ဒေါနတနင်္သာရီအဖွဲ့က ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်နဲ့ ထားဝယ်-မြိတ်ကားလမ်းတို့ လမ်းပိတ်နေပြီး ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲဖြစ်နေကြပါတယ်။

ထားဝယ်ခရိုင်မှာ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်ကလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အခုလို စစ်ဘေးရှောင်သောင်းနဲ့ချီ ရှိခဲ့ဖူးပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ လေကြောင်းကဗုံးကြဲတာနဲ့ တပ်စခန်းတွေကို လက်နက်နဲ့ ရိက္ခာပို့ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင့် စစ်ဘေးရှောင်ရသူတွေ ပိုများလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ- အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများ။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article