26 C
Yangon

ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရေစကြို တပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ZPK က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရေစကြိုဘက်မှ လာသော အကြမ်းဖက် သသ်တပ် စစ်ကြောင်းတို့ ပူးပေါင်း၍ အင်အား ၂၅၀ ကျော်ဖြင့် ရေစကြိုမြို့နယ်၊ ကြူရွာကျေးရွာဘက်ကို နံနက် ၄ နာရီအချိန်မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီခန့်တွင် ကြူရွာကျေးရွာမှ ဗလဘကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်များနှင့် မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြူရွာကျေးရွာအတွင်းသို့ ပြန်လည် ထွက်ပြေးသွားပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒုတိယအကြိမ် ကျေးရွာအတွင်းမှ ထပ်မံ ထွက်လာ၍ တိုက်ပွဲ ဖြစ်ပွားပြီး ကြူရွာကျေးရွာသို့ ထပ်မံ ထွက်ပြေးသွားကြောင်း သိရှိရသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ကြူရွာကျေးရွာအတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗလဘ ကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ထပ်မံ ထိုးစစ်ဆင်လာသောကြောင့် ရေစကြိုတပ်ပေါင်းစုမှ ဦးဆောင်၍ မဟာမိတ်ညီနောင်အဖွဲ့များနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ကျော်သေဆုံးပြီး ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား မသာအလောင်းများကို ပခုက္ကူဘက်သို့ သုံးဘီးဖြင့် ပြန်ခိုးသယ်သွားကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေက အင်အား အလုံးအရင်းနဲ့ မြေပြင်ရော ဝေဟင်ရောပါ ထိုးစစ်ဆင် တိုက်ခိုက်လို့ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ဆုတ်ခွာပေးလိုက်ရတာပါ” ဟု ရေစကြို တပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ZPK က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ၊ ပခုက္ကူခရိုင် တပ်ရင်း(၂၊၃၊၁၀) ၊ ရေစကြိုမြိုနယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ၊ ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ကမ္မတပ်ပေါင်းစု ၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အမေ့လက်ရုံးပျောက်ကျားတပ် ၊ ဒေါင်းညီနောင် နှင့် Wolf Brothers Burma Revolution Ranger တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ အတွင်း ရေစ​ကြိုတပ်ပေါင်းစုမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗလဘကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article