မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံရှိ စစ်တပ်၏ သက္ကောဂိတ် တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ သက္ကောဂိတ် တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရာမညစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ မော်လမြိုင်-ရေး-ဘုရားသုံးဆူ လမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ သက္ကောဂိတ် တပ်စခန်းကို ရာမညစစ်ကြောင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂၀ မမ ၊ ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီတိုက်ပွဲက ကျနော်တို့ ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေထဲက တစ်ခုပါ။ အခြားဒေသမှာ တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်နေသလို ကျနော်တို့ မွန်ဘက်မှာလည်း စစ်ရေးအရှိန်မြှင့်တင်တဲ့ တိုက်ပွဲတစ်ခုပါ” ဟု ရာမညစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
