လောင်းလုံးမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် စစ်ကောင်စီ တပ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် ပျူစောထီး ခေါင်းဆောင် မင်းသိန်း၏ သားဖြစ်သူ နှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို တော်လှန်ရေး တပ်ဖွဲ့များက လောင်းလုံးမြို့ပေါ် အထက ကျောင်းရှေ့တွင် RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို RPG ထိမှန်ပြီး ဓာတ်တိုင်ကို ဝင်တိုက်ကာ ကားတစ်စီးလုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားနေချိန်တွင်လည်း စမ်းလှန်းရွာ အနောက်ဘက် ပင်လယ်မှ ၅၆၅ စစ်သင်္ဘော ၁ စီးသည်လည်း စမ်းလှန်းရွာ ကမ်းဖက်ကို ကပ်လာကြောင်း၊ လောင်းလုံးရဲစခန်းနှင့် စရဖ ရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ခေါင်မိုး ထိမှန်ကာ ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။
“ကားက ပျူစောထီး ခေါင်းဆောင် မင်းသိန်းစီးတဲ့ကား ပစ်တဲ့အချိန်က ကားပေါ်မှာ မင်းသိန်းပါမလာဘဲ သူ့သားနဲ့ အဖွဲ့ပါလာတယ်။ အကုန်လုံး ၄ ကောင် သေတယ်လို့သိရတယ်။ လမ်းပေါ်မှာတော့ ၃ ကောင်မှောက်နေတယ်။ တစ်ကောင်တော့ ခြေထောက်မှာ ထိပြီးလွတ်သွားတယ်။ ကားကတော့ ကားနောက်ပိုင်း RPG နဲ့ ထုခံရပြီး ဓါတ်တိုင်ကို ၀င်တိုက်ပြီးတော့ ဓါတ်တိုင်ကျိုးကျပြီး ပိနေတယ်။ ကားလည်းသုံးစားလို့မရတော့ဘူး။ အငိုက်မိသွားပုံရတယ်။ ကျနော်တို့ဘက်ကလည်း အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။


