စလင်းမြို့ အခြေစိုက် ခလရ – ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်
မကွေးတိုင်း၊ စလင်းမြို့ အခြေစိုက် ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ – ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁ ဦး PDF ထံ အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့ အခြေစိုက် ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ – ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် စိုင်းစိုင်းသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို အလင်းဝင်ရောက် လာသော စစ်မှုထမ်းတပ်သားသစ် စိုင်းစိုင်းသည် စစ်မှုထမ်း အပတ်စဥ် ၈ သင်တန်းဆင်း တစ်ဦးဖြစ်ပြီး အမရပူရမြို့နယ်တွင် မတရားသဖြင့် စစ်မှုထမ်း စုဆောင်းခံရပြီး ဟိုပင်မြို့နယ်တွင် ၆ လ တတ်ရောက်ခဲ့ရပြီး စလင်း တပ်ရင်း ခလရ- ၂၅၅ တွင် တာဝန်ထမ်းဆောင်နေစဥ် တပ်အတွင်း အနိုင်ကျင့်ဗိုလ်ကျမှု မတရားသဖြင့် နှိပ်စက်ညှဥ်းပန်းမှုများ၊ မိမိဆန္ဒဖြင့်မဟုတ်ဘဲ စစ်မှုထမ်း စုဆောင်းခံရခြင်းများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
“အခု အလင်းဝင်လာသူကတော့ သေနတ် မပါခဲ့ဘူး။ တပ်အတွင်းနေထိုင်ရပြီး ရှေ့တန်းမထွက်ရသေးသူ သူတို့မယုံကြည်သေးတဲ့ ရဲဘော်တွေ သေနတ်ပေးမကိုင်ဘဲ ရှေ့တန်းထွက်မှာသာ ပေးကိုင်တာမျိုးရှိတယ် လို့သိရပါတယ်။ ထွက်ပြေးလာတာက ၂၇ ရက်နေ့ ည ၁၀ နာရီပါ။ တစ်ညလုံး ပြေးပြီးမှ ကျွန်တော်တို့ PDF စိုးမိုးနယ်မြေထဲ ရောက်ရှိလာတာပါ။ စလင်းမြို့နယ်မှာ ကျွန်တော်တို့ PDF အဖွဲ့အစည်းတွေဟာ မြို့ပေါ်တွေကလွဲပြီး မြို့ဧရိယာ တစ်ဝက် လုံးနီးပါး စိုးမိုးထားနိုင်ပါတယ်။ သည်ထက်မကလည်း ကြိုးစား လုပ်ဆောင်နေပါတယ်။ ကျွန်တော်ဘက်ကလည်း အမြဲတမ်းကြိုဆိုလျက်ရှိနေပါတယ်။ တိုင်းပြည်မှာ မကောင်းတဲ့ လက်တစ်ဆုတ်စာ လူနည်းစု စစ်ကောင်စီ အစိုးရ အကြီးပိုင်းတွေကြောင့် ပူးတွဲခံစားနေရတဲ့ မလုပ်ချင်ပဲ လုပ်နေရတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်များအနေနဲ့ အမှန်ကို မြင်သင့်ပီလို့လည်းပြောချင်ပါတယ်။ တိုက်ပွဲအတွင်းမှဆိုရင်ဖြင့် ငဲ့ညှာဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း သူတို့ သိစေချင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ထို့ပြင် ကျန်ရှိသော ရဲဘော်များအနေဖြင့်လည်း မိမိဆန္ဒဖြင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံ ဝင်ရောက် ခိုလှုံလျှင် လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပြီး လက်နက်ပါ ယူဆောင်ခဲ့လျှင် ထိုက်တန်သော ဆုကြေးငွေများ ဆုချပြီး အေးချမ်းစွာ နေထိုင်နိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ အသိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
