မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ ခေါ်ထုတ် သတ်ဖြတ် ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းမိ
မန္တလေးတွင် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို မြေကွက်ပြမည်ဟုဆိုကာ သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်သွားသည့် အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းကို ဖမ်းဆီးရရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်သို့ ခေါ်ဆောင် သွားကာ ရိုက်နှက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ လက်ဝတ်လက်စားများနှင့် ပိုင်ဆိုင်မှုများကိုပါ လုယက်သွားကြောင်း သိရှိရသည်။
အငြိမ်းစားပါမောက္ခကိုသ တ်ဖြတ်သွားသူကို ယနေ့ မေလ ၁ ရက်နေ့ နံနက် ၁၀နာရီခန့်အချိန် ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ အိမ်ခြံမြေ လိုက်လံပြသရင်းဖြင့် အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးကို ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမြောင်းဘောင်ဘေး လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် လူနေထိုင်ခြင်းမရှိသည့် တစ်ထပ်တိုက်အတွင်း သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတ်ဖြတ်သူ အိမ်ခြံမြေပွဲစား စိုင်းထွန်းနော(ခ)ကိုစိုင်းနှင့် သတ်ဖြတ်ခံရသူ အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေးတို့မှာ မိတ်ဆွေများဖြစ်ကြပြီး အိမ်ခြံမြေရောင်းဝယ်မှုများကို အတူတူ လုပ်ကိုင်ဖူးသူများဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာထွေးထွေးကို သတ်ပြီးပစ္စည်းများယူခဲ့သည့် စိုင်းထွန်းနော(ခ)ကိုစိုင်းကို လူသတ်မှုဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသည်ဟု သိရှိရသည်။



