ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီးစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီးစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ ပျူစောထီး စခန်းမှ ဆိုင်ကယ် ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သား ၄ ဦးသည် ဂွေးကုန်းကျေးရွာ မြောက်ဘက်တွင် ခရီးသွား ပြည်သူများကို ဆက်ကြေး ကောက်ခံရန် လာရောက်စဉ် ကန့်ဘလူမြိုနယ် ထန်းကုန်းတိုက်နယ် ပြည်သူ့ အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်သော တော်လှန်ရေး မဟာမိတ် အင်အားစုက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး G-3 သေနတ် ၁ လက် ၊ ကာဘိုင်သေနတ် ၁ လက် ၊ 125 ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၁ လုံး ၊ စက်သွယ်ရေး စကားပြောစက် ၁ လုံး ၊ G3 ကျည်ဘောက် ၃ ခု ၊ ကာဘိုင် ကျည်ဘောက် ၁ ခု ၊ 7.62 ကျည် ၂၄ တောင့် ၊ ကာဘိုင်ကျည် ၁၄ တောင့် ၊ လေးခွ ၁ လက် ၊ Tiger ပုလင်း ၂ လုံး တို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ် အင်အားစု ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကာဘိုးကျေးရွာ ပျူစောထီး စခန်းကနေ ဆိုင်ကယ် ၂ စီး အင်အား ၄ ကောင်နဲ့ ဂွေးကုန်းကျေးရွာ မြောက်ဘက်ကို နေ့စဉ် ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ခံဖို့ လာရောက်တုန်း တော်လှန်ရေး မဟာမိတ် အင်အားစုတွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ ၃ ဦး တော့ ပွဲချင်းပြီး သေဆုံးတယ်” ဟု ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး က ပြောဆိုသည်။

