ရေဦးမြို့ အနောက်အထွက်ရှိ စက်မှုလယ်ယာရုံးအတွင်း ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်အထွက်ရှိ စက်မှုလယ်ယာရုံးအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရေဦးမြို့ အနောက်ထွက်ရှိ စက်မှုလယ်ယာ ရုံးအတွင်းကို ကျူးကျော် ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wing ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၃၀ ခန့်ရှိပါတယ်။ အသေအပျောက် အထိအခိုက် မသိရသေးပါဘူး။ စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာ ရှိပါတယ်။ ထိခိုက်သေဆုံးက စုံစမ်းဆဲမို့ပါ” ဟု YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းလှုပ်ရှားယူနစ်များဖြစ်ကြသော Ye-U Freedom Comrades((YFC) ၊ ဝံပုလွေ အဖွဲ့တို့နှင့် အတူ ၅/မဟူရာ ကျွဲရိုင်း (ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရေဦး) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
