ပြည်သူများနေထိုင်ရာနေရာနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု များလာသဖြင့် အမေရိကန်အနေနှင့် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် တောင်းဆို
ရန်ကုန်၊ မေ ၂
အကြမ်းဖက်စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်မှုများပြားလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်မှု ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်အနေနှင့် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ် (Anti-Aircraft Systems)များ ထောက်ပံ့ပေးနိုင်လျှင် ကောင်းမည်ဖြစ်ကြောင်း Burma Research Institute ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့သော Hybrid Congressional Briefing- Burma: Humanitarian Crisis and Violations of religious freedom and human rights ပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအဖွဲ့များထံ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစနစ်များ (Anti-Aircraft Systems) ပေးသင့်ကြောင်း၊ ယင်းစနစ်များပေးရန်အတွက်
အမေရိကန်အစိုးရ နှင့် ကွန်ဂရက်အနေနှင့် အရေးတယူ စဉ်းစားရသင့်ကြောင်း Zo Tum Hmung က ပြောကြားသည်။
အမေရိကန်အစိုးရအနေနှင့် မြန်မာပြန်လည်ထူထောင်ရေးအတွက် ၉ သန်း ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း အကူအညီများ ထပ်မံပေးအပ်ရန် တောင်းဆိုလိုကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအနှံ့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားပုထိုးများ အပါအဝင် ဘာသာရေးနေရာများ ၂၄၀ ကျော် ကို လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ လှုပ်ရှားမှုနောက်ပိုင်းမှစပြီး ခရစ်ယာန် ၁၄ ဦး နှင့် ဘာသာရေးဝတ်ပြုသူ ၁၁၃ ဦး ထောင်ချခံထားကြောင်း အမေရိကန်နိုင်ငံ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် (USCIRF) ၏ ကော်မရှင်နာ Susie Gelman က ပြောကြားသည်။
USCIRF သည် ၂၀၀၀ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေများကို စောင့်ကြည့်လာခဲ့ပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေသော နိုင်ငံအဖြစ် CPC (Country of Particular Concern) အဖြစ် အမြဲတမ်း အကြံပြုခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာစစ်တပ်က လူမျိုးရေး၊ ဘာသာရေး အနည်းစုများကို ဆက်လက် ပစ်မှတ်ထား၍ ညှင်းပန်းနေသောကြောင့် မြန်မာကို ထပ်မံ၍ CPC အဖြစ် သတ်မှတ်ရန် တိုက်တွန်းကြောင်းလည်း ၎င်းက ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်တပ်သည် ဘာသာရေးသင်တန်းကျောင်းများထဲ ဝင်ရောက်ခဲ့ပြီး ဘာသာရေးနှင့်သက်ဆိုင်သူများကို ပစ်မှတ်ထား ဖမ်းဆီးပြီး ထောင်ချထားခြင်း၊ ဘုရားရှိခိုးကျောင်းများကို ဗုံးဖြင့် ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း Baptist World Alliance အတွင်းရေးမှူးချုပ်နှင့် အမှုဆောင်အရာရှိချုပ် Elijah Brown, PhD က ပြောကြားသည်။
Hybrid Congressional Briefing- Burma: Humanitarian Crisis and Violations of religious freedom and human rights ပွဲတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမေရိကန်အထက်လွှတ်တော်အမတ် Sen. Chris Van Hollen (D-MD)၊ (USCIRF) ၏ ကော်မရှင်နာ Susie Gelman၊ Ambassador Sam Brownback (Former Ambassador at Large for International religious freedom)၊ Baptist World Alliance အတွင်းရေးမှူးချုပ်နှင့် အမှုဆောင်အရာရှိချုပ် Elijah Brown, PhD၊ Women Peace Networkမှ ဒေါ်ဝေဝေနု၊ Patrick Harvey (Senior Official,Office of international religious freedom, State Department)၊ UNHCR မှ ပြည်ပဆက်ဆံရေးအရာရှိ Jenny Yang တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

