ကျောက်ကြီးရှိ စစ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း များ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ် သား ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း များ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတိယတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၄ ၊ ဗျူဟာ ၂၅ ၊ အမှတ် ၇၈၀၃ တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ၊ ဧရာဝတီ အမှတ် ၃ တပ်ရင်း၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် ၁၈၀၅ ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ ၂၅၊၂၆ ဒရုန်းတပ် ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း ၈ ၊ တပ် ရင်း ၉ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။



