ထိုင်းနိုင်ငံသို့ သခွားသီးတင်ကားပေါ်တွင် ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် ဝင်ရောက်သော မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး
ရန်ကုန်၊ မေ ၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ သခွားသီးတင်ကားပေါ်တွင် ပုန်းအောင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄ ဦး အပါအဝင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
မေလ ၁ ရက်နေ့ မဲဆောက်မှ ဘန်ကောက်မြို့သို့ သွားရောက်မည့် သခွားသီးတင်ကားကို စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးရာ ကားအတွင်း ပုန်းအောင်းလိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
အလားတူ မေလ ၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ ဖြင့် ထိုင်းတွင် အလုပ်လုပ်ရန် လာကြခြင်းဖြစ်ကြောင်း၊ တရားမဝင် လူများတင်သွင်းသူ ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း ကား ၂ စီးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသော မြန်မာများသည် မြ၀တီမြို့မှ ပွဲစားနှင့်ချိတ်ဆက်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။


