ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသော ရဲ ၂ ဦးကို အရှင်ဖမ်းမိ၊ ဟားခါးမြို့သိမ်းတိုက်ပွဲ ပူးပေါင်းရန် တိုက်တွန်းသည့် ကြေညာချက်ကြောင့် စစ်တပ်က အင်အားတိုးမြှင့်လာ
ရန်ကုန်၊ မေ ၃
ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသော ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း CDF ဟားခါးက သတင်းထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့ ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်၍ သတင်းထောက်လှမ်းနေသော အကြမ်းဖက် စစ် တပ် လက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသော ရဲတပ်သား၂ ဦးကို ဆက်လက် ထိန်းသိမ်းထားပြီး အပြစ်မဲ့ ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များကို CDF ဟားခါး အနေဖြင့် လိုက်လံ အရေးယူမည်ဖြစ်ကြောင်း CDF ဟားခါးက သတိပေးထားသည်။
CDF ဟားခါးက ဧပြီ ၂၃ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များ နှင့် မိဘများအနေဖြင့် ပူးပေါင်းပါဝင်ရန် CDF ဟားခါးက ချင်းဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ပြီးနောက် စစ်ကောင်စီတပ်က ဟားခါးတွင် စစ်ရေးပြင်ဆင်မှုများ လုပ်လာသည့်အပြင် ချင်းတော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် ပြည်သူလူထုအတွင်း သတင်းနှိုက် စုံစမ်းခြင်း၊ အယောင်ဆောင် စုံစမ်းခြင်းများနှင့် ဟားခါးမြို့အဝင်အထွက်များကို တင်းကျပ် စစ်ဆေးခြင်းများ လုပ်ဆောင်လာကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
“ဟားခါးမြို့သိမ်းတိုက်ပွဲ အတွက် လူငယ်တွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်း စစ်တပ်ဘက်က စစ်ရေးပြင်ဆင်တာရှိသလို သတင်းတွေရဖို့ ပိုပြီး စုံစမ်းလာတာတွေရှိတယ်။ မြို့အဝင်အထွက်လည်း အတော်ကို တင်းကျပ်ထားတယ်” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
