မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုသွားသူများ မီတာခ မပေးဆောင်လျှင် လျှပ်စစ်မီတာဘောက်များကို သိမ်း ဆည်းမည်ဟု အသိပေး
မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုသွားသူများအနေဖြင့် လစဉ် ပေးဆောင်ရမည့် မီတာခများကို မပေးဆောင်လျှင် လျှပ်စစ်မီတာဘောက်များကို သိမ်းဆည်းမည်ဟု တရားဝင် အသိပေးလာကြောင်း မန္တလေးမှ
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတွင် နေအိမ် ပျက်စီးသွားသူများအနေဖြင့် မေလ ၁ ရက်နေ့မှ စ၍ ယခင်လများက သုံးစွဲထားသည့် မီတာယူနစ်များအတိုင်း ဧပြီလနှင့် မတ်လ အတွက် ၂ လတာ ကျသင့်ငွေကို တွက်ချက်၍ မီတာခပေးဆောင်ရမည့် နောက်ဆုံးရက်များတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“မတ်လနဲ့ ဧပြီလ ၂ လအတွက် မီတာပေးဆောင်ဖို့ ပြောတယ်။ အိမ်ပြိုသွားတော့ မဆောင်နိုင်ရင် ရလားလို့ ရုံးသွားမေးတာ။ ရတယ်။ လျှပ်စစ်မီတာပုံးတော့ ပြန် ဖြုတ်မယ်။ နောက်မှ လာပြန်လျှောက်လို့ ပြောတယ်။ မီတာအကြွေးလည်း ကျေအောင် ပြန်ဆပ်ပြီးမှ မီတာပုံး ပြန်လျှောက်လို့ ပြောတယ်။ မီတာဖြုတ်မယ်ဆိုတာမျိုးပြောတာ။ မီတာခက အကြွေးထားလို့မရဘူးလို့ ပြောတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ငလျင်ကြောင့် အိမ်မပြိုသော်လည်း ထိခိုက်ပျက်စီးမှုများရှိသည့် နေအိမ်များကိုလည်း လျှပ်စစ်မီတာခများ သတ်မှတ်ရက်အတွင်း ပေးဆောင်ရန် မီတာဖတ်စာရေးများက အသိပေးလာကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“မီတာခတွေ မှန်မှန်ဆောင်ဖို့ မီတာဖတ်စာရေးက ပြောတယ်။ သတ်မှတ်ရက်အတွင်း မဆောင်ရင် ဒဏ်ကြေး အပြင် လကျော် သွားရင် မီတာပါ အဖြုတ်ခံရနိုင်တယ်လို့ ပြောတယ်။ မီတာမဆောင်သူတွေ များလို့ စီမံချက်နဲ့ အရေးယူတာဖြစ်နိုင်တယ်လည်း ပြောသွားတယ်” ဟု မဟာအောင်မြေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှု များပြားသော စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်မီတာခများ အချိန်မီ ပေးဆောင်ကြရန် ဆိုင်းဘုတ်နှင့် ဗီနိုင်များ ထုတ်၍ သတိပေးနေကြောင်း ဒေသပြည်သူများက ဆိုကြသည်။
