ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Ar Lar Wa Ka မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၃၀ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြာင်း သိရသည်။၏
“ပလိုင်းကျေးရွာက ပျူစောထီးရွာပါ။ အင်အားကတော့ စစ်သား ၁၈ ယောက် လောက်ရှိမယ်။ ပျူစောထီးများတာ ပျူစောထီးက အင်အား ၂၀၀ ရှိတယ်။ ကျနော်တို့ ဒရုန်း ၃ စီးနဲ့ချတာပါ။ ဧပြီလ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ ၂ ရက်ဆက် ချတာပေါ့။ အထိအခိုက်ကတော့ ကျနော်တို့အနေနဲ့ အတိအကျ မသိရဘူး။ အထိအခိုက်ကတော့ ရှိတယ်။ အဆောက်အအုံ ပျက်စီးတယ်လို့တော့သိရတယ်။ မမြင်ရတော့လေ မပြောတာပါ။ ဗုံးသီးကျတာကတော့ သူတို့နေတဲ့ အဆောက်အဦးတွေပေါ်ချတာဆိုတော့အသေအပျောက်ကတော့ရှိမှာပါ ပေါက်ကွဲပြီးရင် လူသံတွေ ဆူနေတာ ငိုသံတွေ ရော၊ ကျနော်တို့အနေ အဆင်သင့်ရင်သင့်သလို ရန်သူ့တည်နေရာတွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ကြိုးစားရတာပါ။ စစ်ရေးရည်ရွယ်ချက်အနေနဲ့ ပြောရရင်တော့ ရန်သူကိုအငြိမ်မနေရအောင် ခြောက်လှန့် ခြိမ်းခြောက်တဲ့သဘောပါ”ဟု Ar Lar Wa Ka မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မူကို Arlarwaka PDF၊ မုံရွာခရိုင် တပ်ရင်း(၄)၊မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ(၂)မှ ၅/Commando၊မုံရွာခရိုင်တပ်ရင်း(၈)တပ်ခွဲ(၂)မှမိုးကြိုးကျည်ဆံပျောက်ကြားတပ်ဖွဲ့၊ယင်းမာပင်ခရိုင်တပ်ရင်း(၂၉)Golden Star Force ၊ရွှေဘိုမြို့နယ် ပကဖ နှင့်နယ်မြေခံပကဖများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
