ညောင်လေးပင်တွင် ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါအဝင် ပြည်သူ ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် စစ်တပ်နှင့်အတူ သတ်ဖြတ်ခဲ့ဟု ပျူစောထီးခေါင်းဆောင်လှိုင်မင်း ဝန်ခံ
ခမရ ၂၀ ၊ တပ်မ ၇၇၊ ခမရ ၅၈၄ နှင့် ခလရ ၅၁ မှ အရာရှိများက ပြည်သူများကို သတ်ဖြတ်ရန် အမိန့်ပေး
ရန်ကုန်၊ မေ ၃
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်က ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီးသတ်ဖြတ်မှု အပါ အဝင် ပြည်သူ ၂၀ ဦးကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ပျူစောထီးခေါင်းဆောင် လှိုင်မင်းက ဝန်ခံပြောဆိုလိုက်သည်။
ဧပြီလ ၁၅ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သို့ လာရောက်စဉ် ညောင်လေးပင်မြို့၊ မြို့မ ၅ ရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင် လှိုင်မင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက လက်ရ ဖမ်းဆီးရရှိပြီးနောက် ယင်းသို့ ဝန်ခံထွက်ဆိုလာခြင်းဖြစ်သည်။
ညောင်လေးပင်မြို့နယ်အတွင်းတွင် စစ်တပ်၏ ခမရ ၂၀ ၊ ခမရ ၅၈၄ ၊ ခလရ ၅၁ နှင့် တပ်မ ၇၇ တို့က ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ ကျူးလွန်ရာတွင် ပျူစောထီးများပါ ပါဝင်ပတ်သက်ခဲ့ပြီး အဓိကအားဖြင့် စစ်အရာရှိများက အမိန့်ပေးခိုင်းစေခြင်းဖြစ်ကြောင်း သူက ဆိုသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ခလရ ၅၁ နှင့်တွဲဖက်၍ နယ်မြေရှင်းလင်းရေးလုပ်စဉ် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးစစ်ဆေးပြီး အိမ်ကို မီးရှို့ကာ မိသားစုဝင်များအားလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ရန် ခလရ ၅၁ မှ ဗိုလ်ကြီးက အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။
“၂၉ ရက် ၄ လ ၂၀၂၃ မှာ ကျနော်တို့က ၅၁ နဲ့ ထပ်ပြီး တွဲရတဲ့အချိန်မှာ အိမ်တွေမှာ ရှင်းလင်းတဲ့အခါကျတော့ သူတို့ မိသားစုတွေက ဘယ်မှ သွားစရာ မရှိလို့လို့ သူတို့ ပြောတယ်။ အဲဒီဟာကို ဒလန်ပါဆိုပြီးတော့ ၅၁ တပ်က ဗိုလ်ကြီးက ဖမ်းလိုက်ပါတယ်။ အကုန်လုံး တိုင်မှာ ကြိုးတုပ်ပြီးတော့ အိမ်ကို မီးရှို့လိုက်ပါတယ်။ မီးရှို့တဲ့အချိန်မှာ အော်တဲ့ ဟာကို ဆူနေတာပဲ ဆိုပြီး ဗိုလ်ကြီးက သူ့ တပည့်ကို မီးရှို့နေတဲ့အချိန်မှာပဲ သွားပြီးတော့ ပစ်သတ်ခိုင်းလိုက်ပါတယ်” ဟု ပျူစောထီး လှိုင်မင်းက ဝန်ခံထွက်ဆိုသည်။
ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခိုင်းသူများတွင် ခမရ ၂၀ ၊ ခလရ ၅၁၊ တပ်မ ၇၇ ၊ ခမရ ၅၈၄ တို့မှ အရာရှိများ ပါဝင်ပြီး နာမည်အားဖြင့် ဗိုလ်မှူးနေလင်း၊ ဗိုလ်ကြီးကျော်စွာလင်း၊ ဗိုလ်ကြီးချစ်ကိုဝင်း၊ ဗိုလ်ကြီး ဇော်မျိုးထွဋ်တို့ပါဝင်ကာ တပ်ရင်းမှူးများလည်းပါဝင်ကြောင်း သိရှိရသည်။
အလားတူ ပုဇွန်မြောင်းကျေးရွာအတွင်းတွင် ပျူစောထီးလှိုင်မင်း တာဝန်ကျစဉ် တပ်မ ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကတုံး ဆိုသူနှင့်အတူ ပြည်သူတစ်ဦးကို အရှင်လတ်လတ် လည်လှီး သတ်ဖြတ်ခဲ့ဖူးကြောင်း ၎င်းက ဝန်ခံ ထွက်ဆိုသည်။
“ကျနော်တို့က ပုစွန်မြောင်းရွာထဲက စာသင်ကျောင်းတစ်ကျောင်းမှာ လူသံတွေ ကြားတယ်ဆိုပြီး ကျနော်က ဖြတ်သွား ဖြတ်လာ လုပ်ရတယ်။ အဲဒီကျောင်းကို ကျော်သွားတယ်။ အဲဒီကျောင်းနားရောက်တော့ လူသံကြားလို့ ဆိုပြီးတော့ ကျနော်တို့ သွားကြည့်တယ်။ သွားကြည့်တဲ့အချိန်မှာ တပ်မ ၇၇ က ကတုံးက အဲဒီက ကိုလှိုင်မင်း ခင်ဗျားတို့ သွားကြည့် ကျနော် အပေါ်က ထောက်ပေးထားမယ်ဆိုတော့ သွားကြည့်တယ်။ သွားကြည့်တော့ လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ ဖမ်းလာခဲ့တယ်။ အဒီလူက အသက် ၃၀ ဝန်းကျင်လောက် ရှိပါတယ် ။ သူ့ကို မေးတော့ သူက ဗမာလို မဖြေဘူး ကရင်လိုပဲ ပြောတယ်။ ပြောတဲ့အခါမှာ သူက စိတ်နှံ့သလား မနှံ့ဘူးလားလို့ ကျနော် အယူအဆကတော့ မယူဆတတ်ဘူး အဲဒီအချိန်မှာ။ ကျနော် မေးလိုက်တဲ့အချိန်မှာ ဗမာလိုလည်း မပြောတော့ ကတုံးကနေပြီးတော့ ဒါဆို PDF ပဲ ၊ ဒီထဲမှာ PDF တွေ အရင်တုန်းက ခိုအောင်းသွားတာ မင်းတို့ PDF ထဲက ကျန်နေခဲ့တာ ။ မင်းတို့ ဘာလာ ထောက်လှမ်းတာလဲမေးတဲ့အချိန်မှာ ကျောင်း ဒီဘက်နားလောက်မှာ ဈေးလမ်းလောက်မှာ ခေါ်သွားပြီးတော့ မင်းတို့ အဖွဲ့တွေ ဘယ်မှာလဲ မှန်မှန်ဖြေ မေးတယ်။ သူက ဗမာလို မဖြေဘူး။ ကရင်လို လိုလား ရှမ်းလိုလား ချင်းလို လား မသိဘူး။ ဒီလောက် မေးတာ မဖြေဦးဟ ဆိုပြီး ကျနော့်ကို ချုပ်ခိုင်းပါတယ်။ ချုပ်ခိုင်းပြီးတော့ ကိုင်ပေးထားတဲ့အခါကျတော့ ခေါင်းက ကိုင်လို့ ပြောလို့ ခေါင်းကို ကိုင်ပေးထားတယ် ငြိမ်အောင် သူက မေးနေတာကိုး။ သူရိုက်နှက်ပြီး မေးတဲ့အခါတော့လည်း မဖြေဘူး။ မဖြေဦးဟဆိုပြီး တပ်မ ၇၇ က ကတုံးက လည်ပင်းကို ဓားနဲ့ လှီးလိုက်ပါတယ်။ ဒီလောက် မဖြေချင်ဦးဟ ဆိုပြီး လည်လှီးလိုက်ပါတယ်” ဟု ပျူစောထီး လှိုင်မင်းက ပြည်သူတစ်ဦးကို လည်လှီးသတ်ခဲ့သည်ဖြစ်စဉ်ကို ပြန်လည်ပြောပြ သည်။
၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့ ညောင်လေးပင်မြို့ ရွက်လှကုန်းကျေးရွာသို့ရောက်ရှိကာ PDF များရှိသည်ဟု သ တင်း ပေးမှုကြောင့် ခမရ ၂၀ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ပြည်သူ ၃ ဦးသေ ဆုံးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ရေဖြူကန်ကျေးရွာသို့ ခမရ ၅၈၄ နှင့် စစ်ကြောင်းထိုးစဉ် ကျေးရွာအတွင်း စီး နင်းပစ်ခတ်ခဲ့ပြီး ပြည်သူများ သေဆုံးမှု အရေအတွက်ကို မသိရကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် ခမရ ၅၈၄ နှင့်အတူ စစ်ဆေးရေးများ လုပ်ဆောင်စဉ် စျေးရောင်း ပြန်လာသည့် ပြည်သူ ၉ ဦးကို မသင်္ကာဟုဆိုကာ ပစ်သတ်ခြင်း၊ လယ်ယာလုပ်ကိုင်နေသည့် ရွာသား ၇ ဦးကို သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဝန်ခံသည်။
ပျူစောထီးခေါင်းဆောင် လှိုင်မင်း ကျူးလွန်သော ပြစ်မှုများမှာ ကြီးမားပြင်းထန်လွန်းသဖြင့် ထိုက်တန်သည့် ပြစ်ဒဏ် ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲမှ ရဲဘော်အေးမင်းထွန်းက ဆိုသည်။
“သူကျူးလွန်ထားတဲ့ပြစ်မှုတွေကများတယ် ပြီးတော့ပြစ်မှုကြီးတယ် အဲဒါကြောင့် ပြစ်မှုနဲ့မျှတတဲ့ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်မှာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲမှ ရဲဘော်အေးမင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


