ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု နေအိမ်များ ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။
မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်၍ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA ပြည်သူ့စစ် အဖွဲ့က တိုက်ဖြစ်ပွားခြင်း မရှိဘဲ ဘီလူးချောင်း အရှေ့ဘက်ခြမ်းရှိ ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး နှင့် ကုန်းသာ (ခ) မဆုန့်ခွမ် ကျေးရွာ ကို လက်နက် ကြီး ၉ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကုန်းသာရွာမှ နေအိမ် ၁ လုံး နှင့် နမ့်တုတ် ကျေးရွာမှ ခန်းမဆောင်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာအတွင်းကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့က ဒရုန်းသီးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး ဒရုန်းဗုံးသီး ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။


