စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်း ပိုက်ထားသော မြို့နယ်များ စစ်ကောင်စီထံသို့ ပြန်ပေးရန် အစီအစဉ် မရှိ
စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် TNLA က အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဖြစ်ပြီး သိမ်းပိုက်ထားသော မြို့နယ်များ ပြန်ပေးရန် မရှိသေးကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
TNLA အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း၊ ယခုအချိန်မှ စစ်အာဏာရှင် အမြစ်ဖြတ်ရေး မလုပ်ဆောင်နိုင်လျှင် နောင်မျိုးဆက်များအထိ အပစ်ရပ်လိုက်၊ ဆွေးနွေးလိုက်၊ တိုက်ပွဲ ပြန်ဖြစ်လိုက်ဖြင့် သံသရာ လည်နေမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးတာပန်းလက ရှင်းပြသည်။
“ဘုံရန်သူ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ကျနော်တို့ မဟာမိတ်တွေ(NUG အပါအဝင်) နဲ့ ဆက်လက်လက်တွဲသွားပါ့မယ်။ ကျနော်တို့ မျိုးဆက်မှာ ဒါကို မလုပ်နိုင်ရင် နောင်လာနောင်သားတွေအထိ ဒါကို ဆက်ပြီး ခံရမှာပါ” ဟု ၎င်းက ဆိုသည်။
လတ်တလော TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိနေသော်လည်း ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်းသူက ဆက်ပြောသည်။
“လားရှိုးမြို့လို မဖြစ်ရေးအတွက် ပြည်သူတွေက တက်တက်ကြွကြွ ပါဝင်ပေးကြပါ။ မြို့ကာကွယ်ရေးတပ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါ” ဟု သူက ဆိုသည်။
လက်ရှိတွင် ငလျင်အတွက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်အတွက် ထိုးစစ်ဆင်မည်မဟုတ်ဘဲ ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ TNLA အနေဖြင့် မိမိတို့ သိမ်းပိုက်ထားသော မြို့နယ်များမှ ပြည်သူများ၏ စားဝတ်နေရေးနှင့်လုံခြုံရေးကို အထူးအလေးထားကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။
