ကောလင်းမြို့နယ်ရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ ည ၉ နာရီခန့်တွင်ကောလင်းမြို့နယ် အနောက်ခြမ်းရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ရော့ကတ် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးများ ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေကို အမြဲသတိကပ်ပြီး လုံခြုံဘေးကင်းစွာနေထိုင်ပေးကျပါ။ အရေးပေါ် ပုံးခိုနိုင်ဖို့ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးပေးကျပါလို့တောင်းဆိုချင်ပါတယ်။ နောက်ပြီး စစ်ကောင်စီက ပြည်သူတွေက ကြောက်စိတ်နဲ့အကြောက်တရား ရိုက်သွင်းနေချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ လုံခြုံရေးအသိ၊ သတိနဲ့ စနစ်တကျ ဘေးကင်း လုံခြုံအောင် အထူးဂရုစိုက်ပေးကျဖို့ တောင်းဆိုချင်ပါတယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


