ဖာပွန်ခရိုင်တွင် ဧပြီလ အတွင်း တိုက်ပွဲ ၁၃၉ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၉ ဦးသေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး
ရန်ကုန်၊ မေ ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဧပြီလ အတွင်း တိုက်ပွဲ ၁၃၉ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၉ ဦးသေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) အမှတ် ၅ တပ်မဟာနှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၁၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့် ၂ ဦး၊ တပ်ကြပ်ကြီး အဆင့် ၁ ဦး အပါအဝင် ၃၉ ဦး သေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦး ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အရပ်သား ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းကို လက်နက်ကြီး ၇ ကြိမ် နှင့် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြာင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူလူထုများ လုပ်ကိုင် စားသောက်ရာ နေရာများလည်း ထိခိုက် ပျက်စီးခဲ့ပြီး စိုးရိမ် ထိတ်လန့်မှု များစွာဖြင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
