ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး တံတားတစ်စင်းပျက်စီး၊ စစ်ကောင်စီက ရထားများဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ စစ်ကူများနှင့် လက်နက်ခဲယမ်းများပို့ ဆောင်
ရန်ကုန်၊ မေ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး တံတားတစ်စင်းပျက်စီးသွားကြောင်း စစ်ကောင်စီသတင်းရင်းမြစ်နှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက်အစောပိုင်း ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား မိုင်းခွဲခံရပြီး တံတား တစ်စင်းပါ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။
” ယနေ့ (၆.၅.၂၀၂၅) နေ့ မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် ၂ ခု ကို ယာယီဖျက် သိမ်းထားပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခ များကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံတွင် ပြန်အမ်းပေးနေပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်” ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက ကြေညာထားသည်။
တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲသည့် သတင်းသိရှိထားပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသော်လည်း ရန်ကုန်-မော်လမြိုင် ရထားလမ်းမှတစ်ဆင့် ရထားများဖြင့် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ရတခ နယ်မြေများသို့ စစ်ကူများနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်လေ့ရှိကြောင်း သိရှိရသည်။
“ရထားနဲ့ စစ်ကူတွေ ပို့တာ၊ လက်နက်ခဲယမ်းတွေပို့တာတော့ မကြာခဏရှိနေတယ်။ ရထားလမ်း မိုင်းခွဲတာတော့ ဘယ်သူတွေ လုပ်လဲတော့ မသိရဘူး။ ရထားလမ်းက စစ်ရေးအတွက် သုံးနေတာ၊ကုန်ရထားလိုလိုနဲ့ ရတခကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ မကြာခဏ ပို့နေတာရှိတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။
မေလ ၃ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ မိုးကောင်းစေတီအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းမ၊ မိုးကောင်းတံတားကို မိုင်းခွဲမှု ဖြစ်ပွားခဲ့ပြီး တံတားမှာ လုံး၀ ပြိုကျပျက်စီးသွားခဲ့သည်။


