စစ်ကိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ကံကြီးကုန်းကျေးရွာကို စစ်တပ်က မီးတင် ရှို့နေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်း၊ လက် နက်ကြီးများဖြင့် ပြည်သူ များနေထိုင်ရာ ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ကံကြီးကုန်းကျေးရွာကို မီးရှို့နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်မှစ၍ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်မီးတင်ရှို့နေကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဧပြီလ ၂၅ ရက် နေ့မှစ၍ စစ်ကိုင်းမြို့၊ တပ်မ ၃၃ မှ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး စစ်ကြောင်းထိုး ထွက်လာချိန် လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် ၉ နာရီလောက်ကစပြီး စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းရွာကို စစ်တပ်က မီးရှို့နေတာ။ မီးက များတော့များတယ်၊ ရွာထဲမှာ လက်နက်ငယ်ပစ်သံတွေလည်းကြားရတယ်။ ရွာသူရွာသားတွေ က ရွာထဲမှာ မနေတာတော့ကြာပြီ။ ၂ နှစ်လောက်ရှိပြီ။ အရင်နေ့တွေက လေကြောင်းကနေရော၊ အုန်းတော ၆၀၀၅ အမြောက်တပ်နေရော နေ့ရော၊ ညရော ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ထုတာ၊ စစ် ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စခတွေက ပဒူခွေးခြံကို သွားချင်နေတာ” ဟု ဒေသနေပြည်သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လေကြောင်းလက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကံကြီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး၊ ကျောက်ပနံကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိကာ နွား ၂ ကောင်လည်းသေဆုံးခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းကြောင့် စာရေးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကျောက်ပနံကျေးရွာနှင့် ကံကြီးကုန်းကျေးရွာမှ ပြည်သူများမှာ ဘေးလွတ်ရာထွက် ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်က အညာဒေသမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
