35 C
Yangon

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်သုံ့ပန်းများက စစ် တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဝန်ခံပြီး နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထည့်ဝင်မည်ဟု ကတိပြု

Must read

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်သုံ့ပန်းများက စစ် တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဝန်ခံပြီး နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထည့်ဝင်မည်ဟု ကတိပြု

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်စစ်သုံ့ပန်းများက စစ်တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဖွင့်ဟ ဝန်ခံထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့် မိန့်ခွန်းတွင် NUG ကာကွယ်ရေဝန်ကြီးဦးရည်မွန်က ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲသည် ၈ လကျော်ကြာ ဆင်နွှဲခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းဝင် တိုက်ပွဲဖြစ်ပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်ဆုံးဖြတ်ရသည့် ကာလများပါ ထည့်သွင်းတွက်ချက်ပါက ၁ နှစ်တင်းတင်း ကြာခဲ့ကြောင်း၊ အင်းတော်တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့သော တပ်မ ၇၇ တပ်မမှူးနှင့်စစ်သုံ့ပန်းများမှာ စစ်တပ်၏ တရားမဲ့မှုများအတွက် နောင်တရကြောင်း ဖွင့်ဟဝန်ခံလာသည့်အပြင် တော်လှန်ရေးအတွက် တတ်နိုင်သည်များကို ထည့်ဝင်ပါဝင်မည်ဟုဆို လာကြောင်း၊ စစ်တပ်ဘက်မှ တပ်မှူးများ၊ တပ်သားများအနေဖြင့် အမြန်ဆုံး အလင်းဝင်ကြရန် ဦးရည်မွန်က တိုက်တွန်းပြောဆိုသည်။

“အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ ၇၇ တပ်မမှူး အပါအဝင် သုံ့ပန်းတွေကလည်း သူတို့ရဲ့ နောင်တကို ဖွင့်ဟ ဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့ တတ်နိုင်တာ ထည့်ဝင်မယ်ဆိုတာ ကတိပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ ဝါဒကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန်ချမ်းသာရမယ်။ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာရမယ်လို့ ကတိပေးလိုတယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။

ဧပြီလ ၈ ရက်နေ့ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို အရှင်ဖမ်းဆီးရရှိခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သား အငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article