မြိုင်မြို့နယ်၊ စီမံကိန်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စီမံကိန်းရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း-၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့တွင် မြိုင်မြို့နယ်၊ စီမံကိန်းရုံးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လက်နက်တွေတော့ သိမ်ဆည်းရမိတာ မရှိပါဘူး။ လက်နက်တွေ သွားကောက်ဖို့ အခွင့်မရလို့ပါ။ တိုက်ပွဲက အချိန်ကြာတော့ ကျွန်တော်တို့ဘက်က လက်နက်ခဲယမ်းကျည် မလုံလောက်မှုတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း-၁၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် (၁၅) တပ်ရင်းနှင့် LPDF (နဂါးနီ ပကဖ) တို့က ဦးဆောင်၍ ပခုက္ကူခရိုင် တပ်ရင်း (၁၅) အပါအဝင် LPDF များ ပူးပေါင်းသော မြိုင်အညာမြေတပ်ပေါင်းစု Ah Nyar Heroes တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
