30 C
Yangon

အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး

ရန်ကုန်၊ မေ ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ထူးကုန်းရွာတွင် နေထိုင်သော ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး လှအောင်သည် ထူးချောင်းရွာနှင့် အုတ်ဖိုမြို့ကို ဆက်သွယ်ထားသော လမ်းပိုင်း၌ ဆိုင်ကယ်စီးနေစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး လှအောင်သည် ဦးခေါင်းတည့်တည့်ကို သေနတ်ကျည် ၁ ချက် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လှအောင်ထံမှလည်း ဖုန်း ၁ လုံး နှင့် ငွေသား ၁၀၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှအောင် သည် ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို စစ်တပ်ခေါ်၍ အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု ဆဲဆိုစိန်ခေါ်ခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်မှုထမ်းကြေးမပေးတဲ့ လူငယ်တွေကို စစ်ခွေးတွေခေါ်ပြီး အုပ်ကြီးလှအောင်က ရွာတွေထဲဝင်ပေါ်တာဆွဲပါတယ်။ သူ့ကြောင့်လူငယ်တွေဆိုတာ အိမ်မနေရဲလို့ ထွက်ပြေးနေရပါတယ်။ ထူးကုန်းအုပ်စုထဲမှာ ငွေပေးလည်း ပေါ်တာဆွဲ မပေးလည်းပေါ်တာဆွဲတယ်။ အဲ့လို ပေါ်တာဆွဲတာ ဆက်မလုပ်ဖို့နဲ့ ဆက်လုပ်ရင် PDF က သတ်တာခံရလိမ့်မယ်လို့ ရပ်မိရပ်ဖတွေက ဝိုင်းပြောတော့ သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ် ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ စိန်ခေါ်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article