မြိုင်မြို့နယ်ရှိ သစ်ကြီးတောရွာနှင့် ပေါက်ပင်ကိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၉ လုံး ပြာကျ၊ ပြည်သူပိုင် ပစ္စည်းအားလုံးကိုလည်း စစ်သားများက ယူဆောင်သွား
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သစ်ကြီးတောရွာနှင့် ပေါက်ပင်ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၉ လုံး ပြာကျပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကိုလည်း စစ်သားများက ယူဆောင်သွားကြောင်း M.V.P Revolution Force အဖွဲ့မှ ရဲဘော်ရှိုင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂ ရက်နေ့ မှ စတင်ကာ ပခုက္ကူ တပ်မ ၁၀၁ မှ မြိုင်မြို့နယ်ဘက်သို့ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လေတန်ရွာ၊ သစ်ကြီးတောရွာ နှင့် ပေါက်ပင်ကိုင်ရွာတို့၌ တပ်စွဲပြီး ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ပင်ကိုင်ရွာ ဘုန်ကြီးကျောင်းနှင့် ပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီပြီး လေတန်ရွာ၊ သစ်ကြီးတောရွာနှင့် ပေါက်ပင်ကိုင်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ယူဆောင်ကာ နွားများကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း၊ ထို့ပြင် ပြည်သူပိုင် ပစ္စည်းများဖြင့် ဘန်ကာများလည်း တည်ဆောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် သစ်ကြီးတောရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံး၊ ပေါက်ပင်ကိုင်ရွာမှ ပြည်သူပိုင် နေအိမ် ၃၃ လုံးတို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို လေတန်ရွာထဲတွင် မြေမြုတ်သွားပြီး ၎င်းတို့၏ ယူနီဖောင်းများကိုလည်း ချန်ထားခဲ့ကြောင်း သိရှိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ရွာဘက်မှ ပခုက္ကူမြို့နယ်ထဲကို ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။



