ထိုင်း-မြန်မာ နယ်စပ် မောတောင် ကုန်သွယ်ရေး လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၄ လကြာ တိုက်ခိုက်မှု တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးနှင့် ဒုဗိုလ်မှူး အပါအဝင် စစ်သား ၁၅၀ ဦး ထက်မနည်း ထိခိုက်သေဆုံး
■ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦး လက်နက်ချ အလင်းဝင်
ရန်ကုန်၊ မေ ၇
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ် မောတောင် ကုန်သွယ်ရေး လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၄ လကြာ တိုက်ခိုက်မှု တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးနှင့် ဒုဗိုလ်မှူး အပါအဝင် စစ်သား ၁၅၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ၂၈ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့ထိ သိန်ခွန်း-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် KNLA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများသည် အကြိမ်ရေ ၁၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၁၅၀ ဦးထက်မနည်းရှိကာ သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦး နှင့် ဒုဗိုလ်မှူး ၁ ဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။
ယင်းထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း စစ်ကောင်စီ တပ်သား ၁၂ ဦး လက်နက်ချပြီး KNLA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ (Black Cobra) စစ်ကြောင်းထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများမှာ ခမရ ၄၃၁ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ ဦးသည် MA-1 သေနတ် ၃ လက်၊ ခမရ ၂၈၀ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ ဦးသည် MA-1 သေနတ် ၂ လက်၊ ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၆ ဦးသည် MA-1 သေနတ် ၄ လက်၊A-2 သေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၆ လုံးတို့ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများကို တပ်ရင်း ၁၁ တပ်ရင်းမှူးက ဆုကြေးငွေ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ စီအသီးသီး ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီကနေပြီးတော့ စစ်မှုထမ်း အတင်းခေါ်ပြီးတော့ စစ်ကောင်စီထံမှာ မနေလိုဘဲ ပြည်သူထံ ပူးပေါင်းလာပြီးတော့ တပ်ရင်း ၁၁ ထံမှာ လက်နက်နဲ့ အလင်းဝင်လာတာပေါ့။ အဲလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဂုဏ်ပြုဆုငွေပေးပြီးတော့ ကြိုဆိုခဲ့တာပေါ့” ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


