ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား
ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်ထားသည်။
မေလ ၇ ရက် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာသည့် အတွက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို ယာပြင်ကျေးရွာအနီးတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့တို့တွင်လည်း တအာင်းတပ်မတော် TNLA တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် လာသောကြောင့် နောင်ချိုမြိုနယ်၊ သရက်ချိုကျေးရွာတွင် နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သပိတ်ကျင်းမြိုနယ်၊ ဖော့တော့ကျေးရွာအနီးရှိ ဂိတ်တွင်လည်း မေလ ၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သည် ၁၃ တပ်စခန်းတွင်လည်း Y-8 လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၈၅ ထုတ် လာရောက် ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ငလျင်ဒဏ်သင့် ပြည်သူများနှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများ ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီက ထိုးစစ်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီဘက်ကလည်း မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အပစ်ခတ် ရပ်စဲရေး ကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပြီး စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း ၁ လ ထပ်တိုးသော်လည်း တအာင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA အသိပေး ပြောဆိုထားသည်။
