စလင်းမြို့နယ် အတွင်း စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်း စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းစစ်အောင်(LPDF) တာဝန်ခံ ကိုထူးလေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၄ ရက်နေ့တွင် စလင်းမြို့နယ် အတွင်း ရောက်ရှိနေသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ဖြူကျွန်းမြို့ ငန်တမန်ဘက်မှ နေ၍ ချောင်းဖြူရွာ ထွက်လေဦးဘက်ကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသွားသောကြောင့် ယင်းနေ့ ညနေပိုင်းတွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
မေလ ၅ ရက်နေ့တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံအင်အားဖြည့်တင်းပြီး နေပူတန်ရွာနှင့် ကုက္ကုတန်းရွာ ဘက်တွင်ထပ်မံ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ပထမနေ့ တိုက်ပွဲက ကျွန်တော်တို့ အဖွဲ့နဲ့ မဟာမိတ် ၄ဖွဲ့လောက်နဲ့ဖြစ်တာ နောက်နေ့ကျတော့ ကျနော်တို့က အင်အားလုံးအရင်းနဲ့ စစ်ကြောင်းကို လိုက်ကပ်ပြီး ပစ်တာဆိုတော့။ အဖွဲ့တွ ထပ်တိုးလာတာပေါ့။ ၈ ဖွဲ့ လောက်ရှိတယ်။ စစ်ခွေး ထိခိုက်သေဆုံးမှုက ၃ ဦးသေဆုံးတယ်လို့ သိရပေမယ့် အဲထက်များနိုင်တယ်။ ကျွန်တော်တို့ ထိတွေ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေက အသွားအလာ မဆင်ခြင်ကျဘူး။ မပစ်လိုက်ရတာတွေရှိတယ်။ မိုင်းမဆွဲလိုက်ရတာတွေရှိတယ်။ စစ်ကြောင်းဝင်တဲ့ အချိန်မှာ ပြည်သူတွေကို မသွားဖို့ တားမြစ်ထားပေမယ့်လည်း ပြည်သူတွေက အသွားအလာလုပ်ကြတယ်။ မှားယွင်းပြီးတော့ ပစ်ခတ်မှုတွေ မဖြစ်အောင် ပြည်သူတွေ အနေနဲ့ အသွားအလာတွေ ဆင်ခြင်ဖို့နဲ့ တားမြစ်ထားတဲ့နေရာကို မသွားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါင်းစစ်အောင်(LPDF) တာဝန်ခံ ကိုထူးလေး က ပြောဆိုသည်။
