ပုလောမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ
တနင်္သာရီတိုင်း၊ ပုလောမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ နံနက် ၆ နာရီ ၃ဝ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ ပုလောမြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 ရိုင်ဖယ် သေနတ် ၁ လက်၊ ကျည် ၂ဝဝ ၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ရာထူးတံဆိပ် ၁ စုံနှင့် ဆားဗစ်ဘားတန်း တို့ကို သိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီကောင်တွေက ဇောင်းထနေတာ ကြာပြီ အဓိကကတော့ စစ်မှုထမ်းတွေ အတင်းအဓမ္မခေါ် ငွေညှစ် လုပ်စားနေကြတာ အရပ်သားတွေက သူတို့ကို ချေမှုန်းခိုင်းစေချင်နေတာကြာပြီ အခုဆို အရပ်သားတွေ အရမ်းဝမ်းသာအားရ ဖြစ်နေကြတာ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၅ တပ်ရင်း က စပူပြင်ကျေးရွာဘက်ကို လက်နက်ကြီး ၁၅ ချက် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း အောက်ပေါင်းကျေးရွာမှ ပြည်သူ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

