ဘုတ်ပြင်းမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု တပ်ကြပ် ၁ ဦးသေဆုံးပြီး ၃၅၈ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ဦး ထိခိုက်ဒဏ်ရာရ
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ တပ်ကြပ် ၁ ဦး သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Knla တပ်ရင်း ၂၀၃ တပ်ခွဲ ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ၅ စီး ၊ ကျောက်ကား ၂ စီးဖြင့်လာသည့် အင်အား ၁၀၀ ခန့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေညာဘက်သို့ စစ်ကြောင်းတက်လာစဉ် ဘိုဒါးကျေးရွာနှင့် ဝါးချောင်းကျေးရွာ အကြားရှိ ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းများဖြင့် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်မှ တပ်ကြပ် ၁ ဦးသေဆုံးကာ ဘုတ်ပြင်း ၃၅၈ တပ်ရင်းမှ တပ်ရင်းမှူးလည်း မျက်လုံးထွက် ဒဏ်ရာရရှိကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထို့ပြင် စစ်သား ၁၉ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“သေနတ်တွေ သိမ်းဆည်းမိတာမျိုးတော့ မရှိဘူး။ နာရီဝက်အတွင်း ပစ်ခတ်မှုဖြစ်ပြီးတာနဲ့.သူတို့က စစ်ကြောင်း ချက်ချင်းပြန်ခေါက်သွားတာပါ။ မိုင်း ၃ လုံးပေါ့ မိုင်းကြီး လက်လုပ်မိုင်းနဲ့ အရင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ထပ်တိုး သေစာရင်းကတော့ မကြားရသေးဘူး။ လက်ရှိမှာ ဖုန်းလိုင်းတွေက ပြတ်တောက်မှုများနေလို့ ဒီတိုက်ခိုက်မှုမှာ ဆိုရင် စစ်ခွေးတွေက ကျွန်တော်တို့ကိုလျော့တွက်မှုနဲ့ ပြီးလျှင် ပြည်သူတွေရဲ့သတင်းပေး ခိုင်လုံမှု ပြည်သူတွေက ကျွန်တော်တို့နဲ့ တသွေးထဲတသားအတူရှိနေကြောင်းဆိုတာကို ထင်ထင်ရှားရှားပြသလိုက်တာပါပဲ” ဟု Knla တပ်ရင်း ၂၀၃ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မူကို KNLAတပ်ရင်း (၂၀၃)တပ်ခွဲ(၃)၊ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၂)၊ Flying Star Forceဘုတ်ပြင်းမြို့နယ် ပကဖ၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ပူပေါင်းအဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။


