ကနီနှင့် ကလေး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ကလေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၈ မိနစ်ခန့်မှ စတင်၍ ကနီမြို့နယ် ဆူးလေကုန်းရွာကို မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များနှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ကလေးမြို့နယ်၊ လက်ပံချောင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၈ ရက်နေ့ ည ၉ နာရီ ၁၄ မိနစ်ခန့်တွင် ကလေးမြိုနယ် မြောက်ပိုင်းရှိ လက်ပံချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“မနေ့က ညပိုင်းက ကလေးမြောက်ပိုင်း လက်ပံချောင်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့တာပါ။ နေအိမ် ၂ လုံး အစအနပျောက်သွားတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။


