သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် လုံခြုံရေးအရ အမျိုးသား ၂ ဦးတွဲ၍ ဆိုင်ကယ် စီးနင်းသူများကို စစ်တပ်က ပစ်ခတ်မည်ဟု တရားဝင် ကြေညာ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် ဒေါက်တိုင်များ ဆက်တိုက် တိုက် ခိုက်ခံရပြီးနောက် အမျိုးသား ၂ ဦးတွဲ၍ ဆိုင်ကယ် စီးနင်းသူများကို စစ်တပ်က ပစ်မိန့်ပေးထားကြောင်း ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၆ ရက်နေ့မှစ၍ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် စစ်ကောင်စီက နယ်မြေလုံခြုံ ရေး အကြောင်း ပြ၍ ဆိုင်ကယ် စီးနင်းရာတွင် အမျိုးသားများ မောင်းနှင်းပါက နောက်တွင် အမျိုးသားတစ်ဦး ထပ်မံတင်ဆောင်ခြင်းမပြုရန် နှင့် အမျိုးသမီး နောက်တွင် အမျိုးသားလိုက်ပါ စီးနင်းခြင်းမပြုလုပ်ရန် အကြမ်း ဖက် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ခြင်းသည် သာယာဝတီခရိုင် အတွင်းရှိ မြို့နယ်များမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ ဆက်လက် တိုက်ခိုက်ခံရမှု မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တားမြစ်ထားသည့် ဆိုင်ကယ်စီးနင်းမှုများ လုပ်ဆောင်က ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်နိုင်သည်ဟု အကြမ်းဖက် စစ်တပ် အရာရှိများက ညွှန်ကြားထားကြောင်း သိရှိရသည်။
“သူတို့က စစ်ဆေးတားမြစ်မယ်ဆိုတာ လူကြားကောင်းအောင် ထုတ်ပြန်ထားတာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းသူတွေကို စစ်တပ် အရာရှိတွေက ပစ်မိန့်ပေးထားတယ်လို့ သိရတယ်။ အခုထိတော့ ပစ်ခတ် ဖမ်းဆီးတဲ့ သတင်းတော့မကြားမိသေးဘူး။ နောက်ပိုင်း ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ အုပ်ကြီးတွေနဲ့ သူတို့ ဒေါက်တိုင်တွေ ဆက်တိုက် ပစ်ခတ်ခံရနေရလို့ အရေးပေါ် ထုတ်ပြန်တာလို့ သိရတယ်။ နောက်ပြီးမြို့ပေါ် စစ်တပ်စခန်းတွေလည်း တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ပစ်မှာကိုလည်း ကြောက်နေကျတယ်” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။
သာယာဝတီခရိုင်တွင် သာယာဝတီမြို့နယ် ၊ လက်ပံတန်းမြို့နယ် ၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့ ပါဝင်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်ပံတန်းမြို့နယ်မှ အုပ် ချုပ်ရေးမှူး သန်းဦး၊ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် မယားဖြစ်သူ စန်းစန်း ၊ မင်းလှမြို့နယ်မှ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုး ၊ သတင်းပေး ထွန်းနိုင်၊ ပျူစောထီး ခင်မောင်ဝင်း ၊ အုပ်ချုပ်ရေးမှူး သန်းထွေး ၊ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး၊ သတင်းပေး ဦးရွှေ ၊ အုတ်ဖိုမြို့နယ်မှ သတင်းပေး အေးလွင် ၊ အုပ်ချုပ်ရေးမှူး မြင့်ဦး ၊ ပျူစောထီး တင်နိုင်ထွန်း၊ သတင်းပေး ညိုညိုဝင်း ၊ ပျူစောထီး မြင့်လွင် ၊ အုပ်ချုပ်ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူ ခင်ဝင်း ၊ သတင်းပေး ကံဝင်း ၊ သတင်းပေး သန်းဆွေဦး တပ်မ ၆၆ မှ စေလွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် သတင်းပေး ၁ ဦး တို့မှာ တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြသည်။
