ဝက်လက်နှင့် စစ်ကိုင်း မြို့နယ်ရှိ ဆီဆိုင်နှင့် တလိုင်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် စစ်ကိုင်းမြို့နယ်ရှိ ဆီဆိုင်နှင့် တလိုင်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကို နဂါးလေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်နှင့် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာ အနောက်ဘက် ပြည်ရှိန်းအောင်ပန့်ဆိုင်နားနှင့် စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာ အနီးကို မိတ္ထီလာလေတပ်မှ တက်လာသည့် J-Frighter ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်ရှိန်းအောင်ပန့်ဆိုင်မှာလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ထိခိုက်ဒဏ်ရာရရှိတာ ခရီးသွားပြည်သူလို့ သိရတယ်။ သပိတ်ကျင်းမြို့နယ် ဘက်ကို ခရီးသွားပြည်သူလို့ ကနဦးသိရတယ်။ ဗုံးစက ခါးအရိုးကို မှန်သွားတာလို့သိရတယ်။ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ သက်သက် လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ အနေဖြင့် လေကြောင်းအထူးသတိထားဖို့ ပြောချင်ပါတယ်” ဟု Wetlet Informational Networkက တာဝန်ခံ ကို နဂါးလေး က ပြောဆိုသည်။


