မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ လာသည့် အမြန်ရေယာဉ် ၁ စီးကို စစ်တပ်က ဖမ်းဆီးပြီး လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ လာသည့် အမြန်ရေယာဉ် ၁ စီးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ ဆင်းလာသည့် အမြန်ရေယာဉ် ၁ စီးလုံးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး အမြန်ယာဉ်အတွင်း လိုက်ပါလာသော အမျိုးသားများ အားလုံးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်း အမြန်ရေယာဉ်ထဲတွင် အမျိုးသားနှင့် အမျိုးသမီး လူဦးရေ ၆၀ ခန့်ပါဝင်ပြီး အမျိုးသမီးအားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းရန် ဗလာမပါသော မဲများနှိုက်ခိုင်းပြီး လူငယ် အားလုံး မဲပေါက်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေယာဉ်တွင် လိုက်ပါသွားသော အမျိုးသားများ၏ မိသားစုဝင် တချို့နှင့် ဖုန်းအဆက်အသွယ် ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် ဖောင်ဖြည့်ခိုင်းနေကြောင်း သိရှိရသည်။
“စစ်တပ်က စက်လှေကို ဝင်စီးပြီးတာနဲ့ လူငယ်တွေ အကုန် စစ်မှုထမ်းဖို့ မဲနှိုက်ရမယ်ဆိုပြီး နှိုက်ခိုင်းတယ်။ ဗလာမပါဘူး မဲတွေက လူငယ် အကုန်လုံးမဲပေါက်တယ်လို့ သိရတယ်။ အဲ့ထဲမှာ ကျနော့် အသိမိတ်ဆွတွေလည်းပါတယ်။ မနေ့က အဲဒီ အမြန်ယာဉ်ကိုဖမ်းဆီးလိုက်လို့သတင်းကြားပြီးချင်း သူ့ကိုဖုန်းဆက်လိုက်တာ ဖုန်းအဆက်အသွယ်ရတယ်။ စစ်မှုထမ်းဖို့အတွက် ဆေးစစ်ပြီး ဖောင်ဖြည့်နေရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ဝါရစ်ကျေးရွာအနီးရှိ ကျေးရွာများမှ လူငယ်များကိုလည်း တစ်ရွာလျှင် လူဦးရေ ၄ ဦးနှုန်း စစ်မှုထမ်းရမည်ဟုဆိုကာ တောင်းခံနေပီး စစ်မှုထမ်းလူဦးရေးပေးပို့နိုင်ခြင်းမရှိပါက ကျေးရွာများအတွင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသောကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
